spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မည့်ကို MNP ပါတီကန့်ကွက်

    ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မည့်ကို MNP ပါတီကန့်ကွက်

    -

    မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံ အခြားမည်သည့်ဒေသတွင်မဆို ကျောက်မီးသွေးမှ ဓာတ်အားထုတ်ယူရန် လာရောက် ရင်းနှီးမြှုပ်နှံသည့် မည်သည့်ကုမ္မဏီမဆို မွန်အမျိုးသားပါတီအနေဖြင့် ထိခိုက်နစ်နာခံရမည့် ဒေသခံပြည်သူတွေ

    ဘက်မှ မားမားမတ်မတ် ရပ်တည် ကန့်ကွက်သွားမည်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ MNP ဗဟိုကော်မတီက ၂၀၁၆ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှု၊ ရာသီဥတုဖောက်ပြန်စေမှု၊ သဘာဝအရင်းအမြစ်များ ပျက်စီးစေမှု၊ ဒေသခံတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်စေမှုတို့ကို ဖြစ်ပေါ်စေသည့် ကျောက်မီးသွေးမှလျှပ်စစ် ဓာတ်အားထုတ်ယူရန် လုပ်ဆောင်နေမှုသည် လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

    မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဒေါက်တာမင်းကြည်ဝင်းက “အန္တရာယ်ရှိမှန်းသိရက်နဲ့ သူတို့ဘက်က ငွေရဖို့တစ် ခုတည်းကြည့်ပြီး လုပ်နေတယ်ဆိုတော့ ကျနော်တို့ ပြည်သူတွေဘက်ကရပ်တည်ပြီး ကန့်ကွက်ရမှာဘဲ၊ ဘိလပ် မြေစက်ရုံလည်ပတ်ဖို့ ကျောက်မီးသွေး မသုံးဘဲနဲ့ သဘာဝဓာတ်ငွေ့ကို အသုံးပြုရင်တော့ ကျနော်တို့ လက်ခံနိုင်တယ်၊ အသုံးပြုဖို့လည်းတိုက်တွန်းခဲ့တယ်၊
    ကျောက်မီးသွေးရဲ့ဆိုးကျိုးကို ဒေသခံပြည်သူတွေ သိရှိနားလည်ဖို့အဓိကထားပြီး၊ ဒီဟောပြောပွဲကို လုပ်ဖြစ်တယ်” ဟု ပြောသည်။

    Caption-ကျောက်မီးသွေးကန့်ကွက်သည့် ဒေသခံများ(Ko Thu)
    Caption-ကျောက်မီးသွေးကန့်ကွက်သည့် ဒေသခံများ(Ko Thu)
    ဖေဖော်ဝါရီလ ၂၉ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့များတွင် ကျောက်မီးသွေး၏ ဆိုးကျိုးနှင့် ပတ်သက်ပြီး ပညာရှင်များနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းကာ ကျောက်မီးသွေးဖြင့်လည်ပတ်မည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL တည်ရှိရာ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသကျေးရွာများဖြစ်သည့် နိတုံ နှင့် ကော့ဒွန်း၊ ကော့ပနော့ကျေးရွာ၌ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထို့အတူ ကျောက်မီးသွေးဖြင့်စက်ရုံလည်ပတ်မည်ကို လက်မခံကြောင်း ထောင်နှင့်ချီသော ဒေသခံများကန့်ကွက်လက်မှတ်ရေးထိုးခဲ့သည်ဟု ပါဝင်လှုပ်ရှားသူ မိစန္ဒာနွန်က ပြောသည်။

    တဖက်တွင်လည်း ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းမြို့အနီးရှိ Mae Moh ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံနှင့် SCG ဘိလပ်မြေစက်ရုံကို ပြီးခဲ့သည့်ဇန်နဝါရီလ ၂၈ ရက်နေ့က ကျိုက်မရောမြို့နယ်မှ အထင်ကရ မွန်သံဃာတော် ၁၃ ပါးကို MCL က ပင့်ဆောင်လေ့လာစေခဲ့ပြီး ဖြစ်သည်။

    Mae Moh သို့ သွားရောက်လေ့လာခဲ့သည့် ကျိုက်မရောမြို့နယ် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာက “ ဆရာတော်တို့လေ့လာခဲ့တဲ့ စက်ရုံကိိုရောက်တော့ သူတို့သုံးထားတဲ့နည်းပညာက တော်တော်လေးကောင်းပါတယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလည်းမရှိဘူး၊ ဒီမော်လမြိုင်က ဘိလပ်မြေစက်ရုံကိုလည်း အဲဒီနည်းပညာအတိုင်း ဆိုးကျိုးမရှိအောင်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် လုပ်ဆောင်သွားမယ်လို့ ကုမ္မဏီတာဝန်ရှိသူကပြောတယ်၊ ဒါပေမယ့် ဆရာတော်တို့ လေ့့လာမိသလောက်ဆိုရင် ပညာရှင်တွေရော၊ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေရော၊ ကျောက်မီးသွေးနဲ့ပတ်သက်ရင် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ပြောဆိုတာ မကြားမိပါဘူး၊ ဒါကြောင့် ဒီဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးအစား ဂက်စ်နဲ့လုပ်နိုင်ရင်အကောင်းဆုံးပါ” ဟု မိန့်ကြားခဲ့သည်။

    အဆိုပါ MCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးအသုံးပြုလည်ပတ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ခံစားရမည့်သူများမှာ ဒေသခံလူထုများပင်ဖြစ်သောကြောင့် ဆက်လက်လုပ်ကိုင်သင့်မသင့်ဆိုသည်မှာ လူထုဆန္ဒပေါ်တွင် မူတည်နေသည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

    ဘိလပ်မြေစက်ရုံမတည်ဆောက်မီကာလတွင် ကျောက်မီးသွေးအသုံးပြုလည်ပတ်မည့်ကိစ္စကို MCL အနေဖြင့် ဒေသခံပြည်သူများအား ရှင်းလင်းစွာ အသိပေးရှင်းပြထားခြင်းမရှိဟု ဒေသခံများပြောကြားချက်အရ သိရသည်။

    တစ်နေ့ဘိလပ်မြေတန်ချိန် ၅ ထောင်ကျော် ထုတ်လုပ်နိုင်မည့်၊ မော်လမြိုင်ဘိလပ်မြေစက်ရုံကို ၂၀၁၄ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး လာမည့်ဇူလိုင်လတွင် စတင်လည်ပတ်မည်ဟု ကုမ္ပဏီက ထုတ်ဖော်ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts