မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စုတွင် ဇန်နဝါရီ ၁ရ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကျင်းပခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူ ၄ ဦးအနက် မိဂျလွန်းထော(ခ) ဒေါ်သန်းဋ္ဌေး မဲအပြတ်အသတ်အနိုင်ရရှိသဖြင့် မွန်ပြည်နယ်တွင် အမျိုးသမီးတစ်ဦး ကျေးရွာ
အုပ်ချုပ်ရေးမှူးအဖြစ် ပထမဦးဆုံး ရွေးချယ်ခံရကြောင်း သိရသည်။
အဆိုပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူများတွင် ဦးဟမု၊ ဦးစိန်ထွန်း၊ ဦးလှ ထွန်းတို့အား မိဂျလွန်းထောက မဲအရေအတွက် (၁၄၅) ဖြင့် အပြတ်အသတ်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
မိဂျလွန်းထောက “မွန်အမျိုးသမီးတွေ အုပ်ချုပ်ရေးမှူးလုပ်တာ တစ်ခါမှမရှိခဲ့ဘူး၊ အရင် က အစွဲလမ်းမှုတစ်ခုကြောင့် ယောကျာ်းဖြစ်မှ ဦးဆောင်နိုင်မယ်၊ ဥက္ကဋ္ဌလုပ်လို့ရမယ်ဆိုတဲ့ အယူ အဆတွေကို ကျော်ဖြတ်ချင်လို့ စံပြတစ်ခုအနေနဲ့ ဒါကို လုပ်ပြချင်လို့၊ ပြီးတော့ ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိတယ်”ဟု ပြောသည်။
ကျေးရွာတွင် လက်ရှိဖြစ်ပေါ်နေသာ လျှပ်စစ်မီးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စပြဿနာများနှင့်ပတ်သက်ပြီး ရွာခံ လူငယ်များ၊ ရွာသူရွာသားများနှင့် ပူးပေါင်းကာ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖြေရှင်းသွားရန် ရည်ရွယ် ထားကြောင်းလည်း ၄င်းကဆက်ပြောသည်။
လက်ရှိတရနာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်က “ကျနော်ဝင်မပြိုင်တာက ကျန်းမာရေး လည်း မကောင်းဘူး၊ ပြီးတော့ အခု မိဂျလွန်းထောကလည်း ကိုယ့်တပည့်ပဲဆိုတော့ နေရာပေး ရစေချင် တယ်၊ ဒီဒေသကလည်း အမျိုးသမီးဦးရေကများနေတယ်၊ ဒေသဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့နေရာမှာ ပါဝင်လာဖို့လည်း တိုက်တွန်းခဲ့တယ်၊ အခုလိုပါဝင်လာနိုင်အောင်လည်း အကြံဉာဏ်တွေပေးခဲ့ပါတယ်” ဟု ပြောသည်။
အဆိုပါ ရွေးချယ်ခံအုပ်ချုပ်ရေးမှူးသစ်အနေဖြင့် ကျေးရွာအတွက် လိုအပ်သည့် အကူညီတောင်းလာသည်ဖြစ်စေ အကြံဉာဏ်တောင်းလာသည်ဖြစ်စေ ပ့ံပိုးကူညီသွားရန် အဆင်သင့်ရှိသည်ဟု ဦးသန်းအောင်က ဆက်ပြောသည်။
တရနာကျေးရွာအုပ်စုတွင် ကော့စွယ်၊ ကော့နွတ်၊ ကျွန်းကုန်ကျေးရွာများဖြင့် ဖွဲ့စည်းထားပြီး ဆယ်အိမ် မှူးအရေအတွက် ၂၄၀ ဦးကျော်ရှိရာ အမျိုးသမီးဆယ်အိမ်မှုး ၁၀၀ ကျော် ပါဝင်သည်ဟု သိရသည်။
တရနာကျေးရွာသူ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ မိညွန့်ခင် “အခုသူကအပျိုကြီးဆိုတော့ လွတ်လပ်တာ ပေါ့၊ ပြီးတော့ အရင်ကလည်း ကျေးရွာအတွက် သူလုပ်ဆောင်ပေးခဲ့တာ အများကြီးရှိပါတယ်၊ အခုသူအုပ်ချုပ်ရေးမှူးနေရာ ရသွားတာ ဝမ်းသာတယ်၊ ပြီးတော့ ကိုယ့်မိန်းကလေးတွေ ကျေးရွာတွေကိုပါ အုပ်ချုပ်ခွင့်ရတာကို ဂုဏ်ယူမိတယ်” ဟု ပြောသည်။
ရွေးချယ်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးသစ် မိဂျလွန်းထောသည် သထုံခရိုင်၊ မွန်အမျိုးသားပညာရေးဌာနတွင် ဒုတာဝန်ခံတစ်ဦးအဖြစ် တာဝန်ယူခဲ့ဘူးသူဖြစ်သည်။
မြို့ပေါ်ရပ်ကွက် ၈၆၊ ကျေးရွာအုပ်စု ၃၈၇၊ ကျေးရွာပေါင်း ၁၂၉ရ ရှိသောမွန်ပြည်နယ်တဝန်းတွင် ယခုအခါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်လျက်ရှိသည်။