ထိုစဉ်က ကျွန်ုပ်မိတ်ဆွေ၏ ကြည့်ရှုရန်ပြသသည့် စာရွက်မှာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းခွင့်ရရှိထားသော ပြည်တွင်းမှ နိုင်ငံရေးပါတီ တစ်ခုနှင့် မတရားအသင်းအဖြစ် ကြေငြာခြင်းခံရသော လက်နက်ကိုင် အဖွဲ့ (ပါတီ) တစ်ခုတို့မှ ပါတီနှစ်ခု သဘောတူညီချက်အရ ပြည်သူသို့ သိစေရန် ဖြစ်ရပ်တစ်ခုနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ကြေညာချက် တစ်ခုဖြစ်ပါသည်။ ပါတီများပေါင်းစည်းမှုအပေါ် ထိုပါတီများမှ မိမိတို့ပူးပေါင်းမှုသဘောကို ရည်ညွှန်းလိုပါလျှင် “ညီညွတ်သော ညီနောက်များပါတီ” ဟူ၍ လည်းကောင်း၊ “အမျိုးသားအဖွဲ့ချုပ်” ဟူ၍ လည်းကောင်း၊ “မဟာမိတ်တပ်ပေါင်းစု” ဟူ၍ လည်းကောင်း၊ အထူးပြု ကင်းပွန်တပ်ကာ သတ်မှတ်ခေါ်ဝေါ်လေ့ရှိကြပါသည်။ စုပေါင်းထားသည့် ပါတီများ၏ သဘောထားကိုလည်း သဘောထားကြေငြာချက် ထုတ်ပြန်လေ့ရှိကြပါသည်။ ကျွနုပ်၏ မိတ်ဆွေပြသည့် သဘောထားကြေငြာချက်ပါမူ ပါတီနှစ်ခုမှ ဗဟိုအလုပ်မှုဆောင်ကော်မတီ နှစ်ခုအနေဖြင့် မိမိတို့၏ ပါတီတံဆိပ်ကို အသီးသီးရိုက်နှိပ်ကာ ထုတ်ပြန်ထားသည့် ကြေငြာချက် တစ်ခုသာဖြစ်ပါသည်။
တရားဝင်ပါတီ တစ်ခုနှင့် မတရားအသင်းအဖြစ် မပယ်ပျက်ရသေးသော လက်နက်ကိုင်ပါတီတစ်ခု၏ ပူတွဲကြေငြာချက်ထုတ်ပြန်၍ ရပါသလားဟူသော မေမြန်းချက်ကိုမူ မည်သို့မျှ မိမိ၏သဘောထားဆန္ဒအရ မဖြေဆိုလိုပါ၊ ထင်မြင်ချက်လည်း မပေးလိုပါသော်လည်း မတရားအသင်းအက်ဥပဒေပုဒ်မ -၁၇ (၁) နှင့် ငြိစွန်းမှ ရှိနိုင် / မနိုင်ဆိုသည့် သဘောဆန္ဒကိုမူ မိမိအနေဖြင့် ဖတ်ရှု့မှတ်သားမိသမျှတင်ပြရမည်ဆိုလျှင် – လွန်ခဲ့သော ၁၉၈၈ ခုနှစ်မတိုင်မှီ မိမိရှေ့နေတစ်ဦးအနေဖြင့် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ပုဒ်မ (၁၇-၁) နှင့်ပတ်သက်သည့် အမှုတစ်ခုကို သတိရမိပါသည်။
မိမိလိုက်ပါသည့် အမှုအကျဉ်းမှာ ဇင်းကျိုက်မြို့မှ မွန်လူငယ် (၈) ဦးတို့၏ အမှုဖြစ်စဉ်ဖြစ်ပါသည်။ ရေးမြို့နယ်၊ မော့ကနင်ဖက်သို့ ရောဘာခြံလုပ်သား အဖြစ်သွားရောက် လုပ်ကိုင်သည့် လူငယ်များဖြစ်ပြီး ၎င်းတို့အပေါ်စွဲဆိုထားသည့် အမှုဖြစ်ပါသည်။ ထိုစဉ်က အုပ်ချုပ်သည့် နိုင်ငံရေးစနစ်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကောင်စီလက်ထက်က ပြည်သူတရားစီရင်ရေးစနစ် (တရားသူကြီးသုံးဦး ထိုင်စနစ်) ဖြစ်သည်။ လူငယ်တို့ သဘာဝအရ မနက်ဖြန်ရေးဖက်သို့ သွားရမည်ဖြစ်သည့်အတွက် မသွားမှီ တစ်ရက်အလိုတွင် ကျောက်သင်္ဘော ရေတံခွန်တွင် ရှိသော စာသောက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချက်းများကို နှုတ်ဆက်သည့်အနေဖြင့် စာသောက်ပျော်ရွှင်ကြပြီး မူယစ်လာသည့်အခါ မလိုလားအပ်သည့် စကားများပြောဆိုမိကြသည်။
အနီးရှိ အခြားစာသောက်ဝိုင်းမှ သတင်းပေးဆိုသူတစ်ဦး၏ သတင်းပေးမှုကြောင့် ဤလူငယ်များသည် မွန်လက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက်မည့်သူဖြစ်ကြောင်း မမှန်သတင်းပေး၍ မုတ္တမမြို့သို့ မရောက်မှီ လမ်းခုလတ်တွင် လူငယ်များစီးလာသည့် ကားအား ရပ်တန့်ဖမ်းဆီးပြီး ပုဒ်မ ၁၇ (၁) အရ စွဲဆိုခဲ့သည့် အမှုဖြစ်ပါသည်။ ထိုအမှုကိုပင် (၁၉၈၉) ခုနှစ်၊ ခေတ်ကာလပြောင်လဲချိန် တစ်ဦးထိုင်တရားသူကြီးလက်ထက်တွင် စစ်ဆေးသည့်အခါ စွဲဆိုသည့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) အရ ကျူးလွန်ကြောင်း ပေါ်ပေါက်ခြင်း မရှိသည့်အတွက် အမှုမှ တရားသေးလွှတ်ခဲ့ရပါသည်။
အကယ်၍ ယခင် (မဆလ) ခေတ် တရားစီရင်ရေး (ပြည်သူ့တရားစီရင်ရေး) လက်ထက်တွင် ကျွနုပ်တို့ မွန် / ကရင် တိုင်းရင်းသားများသည် အလုပ်အကိုင်မရှိ၍ တဖက်နိုင်ငံသို့ အလုပ်ထွက်လုပ်ရာမှ မသင်္ကာ၍ ဖမ်းဆီးချုပ်နှောင်ခံရပါက အများအားဖြင့် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) နှင့် အမှုစွဲဆိုခံရပြီး အကြောင်းမဲ့ အချုပ်ခန်းထဲတွင် ချုပ်နှောင်ခံရသည်က များပါသည်။ သက်ညှာစွာ စီရင်ချက်ချမှတ်ပါက အနည်းဆုံး ထောင်ဒဏ် (၂) နှစ်ကျခံရမည်ဖြစ်ပါသည်။ ထိုကြောင့် ကျွနုပ်တို့၏ လုပ်သားပြည်သူများအနေဖြင့် ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေပုဒ်မ – ၁၇ (၁) (၂) ပြစ်မှုများအကြောင်း သိရှိရန်လိုအပ်ပါသည်။
“၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) (၂) ပြစ်မှုများအကြောင်း”
၁၉၀၈ ခုနှစ်၊ အက်ဥပဒေအမှတ် – ၁၄
(The Unlawful Association Act, 1908)
(မြန်မာနိုင်ငံ ဥပဒေအတွဲ (၂)၊ စာမျက်နှာ (၂၀၁) ၌ ပါရှိပါသည်။
(က) ပုဒ်မ ၁၇ (၁) ပြစ်မှု
(၁) ပြစ်ဒဏ်ပြဋ္ဌာန်းချက်
ထောင်ဒဏ်နှစ်နှစ်ထက်မနည်း သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်။
(၂) ပြစ်မှုမြောက်ရန်လိုအပ်သည့် အင်္ဂါရပ်များ
မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင် / ရယူ / တောင်းခံလျှင် သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင် –
(ခ) ပုဒ်မ ၁၇ (၂) ။ ပြစ်မှု
(၁) ပြစ်ဒဏ်ပြဋ္ဌာန်းချက်
သုံးနှစ်ထက်မနည်း ငါးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်။
(၂) ပြစ်မှုမြောက်ရန်လိုအပ်သည့် အင်္ဂါရပ်များ
မည်သူမဆို မတရားအသင်းကို စီမံအုပ်ချုပ်လျှင် သို့တည်းမဟုတ် စီမံအုပ်ချုပ်ခြင်းတွင် ကူညီလျှင် သို့တည်းမဟုတ် အဆိုပါအသင်းတစ်ခုခု သို့တည်းမဟုတ် ထိုအသင်းသားများ၏ အစည်းအဝေးကို ဆော်သြကမကပြုလျှင် သို့တည်းမဟုတ် ဆော်သြကမထပြုရာတွင် ကူညီလျှင်
(ဂ) မတရားအသင်းဆိုသည်မှာ
(၁) မတရားအသင်းဆိုသည်မှာ ရုန်းရင်းကြမ်းတမ်းမှုနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန် အားပေးသော သို့တည်းမဟုတ် ကူညီအားပေးသော အဖွဲ့အစည်း သို့တည်းမဟုတ် ထိုကဲ့သို့သော ပြုမူချက်များကို ပြုကျင့်လေ့ရှိသော အဖွဲ့ဝင်များ ပါဝင်သော အသင်းဖြစ်သည်။
(၂) ဤဥပဒေပုဒ်မ ၁၆ (၁) အပ်နှင်းသော အာဏာများအရ အစိုးရက မတရားအသင်းဟု ကြေးငြာထားခြင်းခံရသော အဖွဲ့အစည်းတစ်ခုခုသည် မတရားအသင်းဖြစ်သည်။
အထက်ဖော်ပြပါပုဒ်မ ၁၇ (၁) ကိုကျူးလွန်ပါက ပြစ်ဒဏ်ချမှတ်ခံရပါကလည်း အနည်း ဆုံးထောင်ဒဏ် (၂) နှစ်ဟု ပြဋ္ဌာန်းထားသည့်အတွက် ထောင်ဒဏ် (၂) နှစ်အောက် ချမှတ်၍ မရကြောင်း ဘောင်ခတ်ထားသည်ကို တွေ့မြင်သိရှိနိုင်ပါသည်။ ဤ ပုဒ်မ၏ ထူးခြားချက်ပင်ဖြစ်ပါသည်။
စီရင်ထုံးအနေဖြင့် တင်ပြရသော် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်ထွန်းစိန်အမှု – ၁၉၆၆ ခုနှစ် ရာဇာဝင်ပြင်စင်မှုအမှတ် ၂၂၀ (ခ) တွင် –
“မူလရုံးတွင် တရားခံမောင်ထွန်းစိန်အပေါ် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အရ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁) နှစ် ကျခံစေရန် ချမှတ်ခဲ့သည့် အမိန့်ကို နိုင်ငံတော်တရားရုံးချုပ်မှ ပြင်ဆင်မှုလျှောက်ထားခံရသူ မောင်ထွန်းစိန် (မူလရုံးတရားခံ) အပေါ် အလုပ်နှင့်ထောင်ဒဏ် (၂) နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်လိုက်ခဲ့သည်ကို လေ့လာသိရှရပါသည်။
ထို့အပြင်အောက်ဖော်ပြပါ စီရင်ထုံးများအရလည်း ပုဒ်မ ၁၇ (၁) အရ ငြိစွန်းမှုမရှိ၊ မရှိဆိုသည်မှာ သက်ဆိုင်ရာ ပညာရှိတရားသူကြီး၏ သုံးသပ်မှုအပေါ်တွင်လည်း တည်နေပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ကိုထွန်းချစ် ၁၉၆၅ ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၉ (က) အမှု “ လျှောက်ထားသူသည် စားဘွယ်သောက်ဘွယ်သရေစာတိုကို သယ်ပိုး၍ ကေ၊ အင်၊ ဒီ၊ အို သောင်းကျန်းသူများ ကျက်စားရာ အရပ်သို့ သွားရောက်ပြီး ရောင်စားနေသူတစ်ဦးဖြစ်သည်။ သောင်းကျန်းသူများရှိသော နယ်ထဲသို့ ဤကဲ့သို့ သွား၍ အရောင်းအဝယ်ပြုပြီး အသက်မွေးခြင်းသည် သောင်းကျန်သူတို့အား အကူအညီပေးသည်ဟု တထစ်ချမယူဆနိုင်” ဟု နိုင်ငံတော်တရားရုံးချုပ်မှ သုံးသပ်ဆုံးဖြတ်ခဲ့ဘူးပါသည်။
ဤစီရင်ထုံးအရ သောင်းကျန်းသူတို့၏ နယ်မြေသို့ ဝင်ရောက်သဝားလာခဲ့သော်လည်း ရိုးသားစွာ ဈေးရောင်းစားသူ တစ်ဦး ဖြစ်ကြောင်း ပေါ်လွင်နေပါက ပုဒ်မ ၁၇ (၁) ကိုကျူးလွန်သူတစ်ဦးမဟုတ်ကြောင်း သိရှိနိုင်ပါသည်။
အခြားစီရင် ထုံးတစ်ခုတွင်မူ သောင်းကျန်းသူတို့ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်ပါက ပုဒ်မ ၁၇ (၁) တွင် ငြိစွန်းကြောင်းကို ဦးသိန်းမောင်ပါ (၁၂) နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ၁၉၇၈ ခုနှစ်၊ မတစ၊ (ဗဟိုတရားရုံး) စာ – ၁၁၆ ၌
“လျှောက်ထားသူများသည် သောင်းကျန်းသူများ ကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်ရန် သင့်၊ မသင့် စည်းဝေးညှိနှိုင်းတိုင်ပင်ကြပြီးလျှင် ကေ၊ အိုင်၊ အေ (KIA) သောင်းကျန်းသူဗိုလ်၏ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်၍ သောင်းကျန်းသူများအား တစ်နည်းအားဖြင့် ထောက်ခံသည့် သဘောပေါ်လွင်နေပေသည်။ နိုင်ငံတော်အစိုးရ၏ တပ်ဖွဲ့များနှင့် နီကပ်လျှင်ရှိပြီး လိုအပ်သည့် အကူအညီကို တောင်းခံရယူနိုင်မည့် အကြောင်းပြချက်မှာ ခိုင်လုံသော အကြောင်းပြချက်မဖြစ်နိုင်ချေ” ဟူ၍ ဆုံးဖြတ်ခဲ့ပါသည်။
အထက်ဖော်ပြပါ ပုဒ်မ ၁၇ (၁) နှင့် ပတ်သက်သည့် ပြဋ္ဌာန်းဥပဒေပါ အကြောင်းအရာများနှင့် စီရင်ထုံးလမ်းညွှန်မှုများအရ ပုဒ်မ ၁၇ (၁) နှင့် ငြိစွန်းခြင်းရှ၊ မရှိဆိုသည်မှာ ဖြစ်ပေါ်သည့်ဖြစ်ရပ်နှင့် ဆုံဖြတ်သည့် ပညာရှိတရားသူကြီး၏ ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရားအရသာ ဖြစ်ပါသည်။ ထိုကြောင့် ကျွန်နုပ်မိတ်ဆွေ၏ ပေးကမ်းလာသည့် အထက်ဖော်ပြပါ တရားဝင်ပါတီတစ်ခုနှင့် တရားမဝင်လက်နက်ကိုင်ပါတီတစ်ခုတို့၏ ပူးတွဲကြော်ငြာချက် ထုတ်ပြန်မှုအရ ပုဒ်မ ၁၇ (၁) နှင့် ငြိစွန်းမှုရှိနိုင်၊ မရှိနိုင် ဆိုသည်ကိုတော့ အုပ်ချုပ်သူ မင်းအစိုးရတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ် မူတည်နေပါသည်။ တခါတရံ ကျွန်ုပ်တို့ဖက်မှ မှန်သည်ဟု ယူဆခဲ့သည့် ဖြစ်ရပ်၊ အကြောင်းအရာတို့အပေါ် တရားရုံးတော်မှ စီရင်ချက်အမိန့်ချမှတ်ရာ၌ “ xxxxxxxxx ဥပဒေက မည်သို့ပင်ဆိုစေကာမူ” ဟု သုံးသပ်ပြီး ကျွန်ုပ်တို့၏ ယူဆချက်နှင့် ဆန့်ကျင်ကာ ဖြစ်ပေါ်တတ်ကြောင်း၊ ကြုံတွေ့လေ့ရှိကြောင်း
မှီငြမ်းပြု
– ၁၉၆၆ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံးများ။
– ၁၉၇၈ ခုနှစ် စီရင်ထုံး။