spot_img
Thursday, April 24, 2025
More
    spot_img
    Homeသတင်းစစ်မှန်သောပြည်ထောင်စုမူဘောင်ချမှတ်နိုင်ရေး ဦးတည်ဆွေးနွေးမည်ဟု ဒေါက်တာအေးမောင်ပြော

    စစ်မှန်သောပြည်ထောင်စုမူဘောင်ချမှတ်နိုင်ရေး ဦးတည်ဆွေးနွေးမည်ဟု ဒေါက်တာအေးမောင်ပြော

    -

    နိုင်ငံထိပ်သီးခေါင်းဆောင် ၆ ဦးတို့၏ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် စစ်မှန်သော ပြည်ထောင်စုမူဘောင်ချမှတ်နိုင်ရေးကို ဦးတည် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်တွင်း တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    သို့သော် နောင်လာမည့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင်သာ အသေးစိတ်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲသည့် ဧပြီ ၁၀ ရက်နေ့ ဆွေးနွေးပွဲတွင် အသေးစိတ် ဆွေးနွေးရမည့် ကိစ္စများနှင့် ပြင်သင့် ပြင်ထိုက်သည့် ကိစ္စများအား ဖြေရှင်းရန် အခြေအနေများ ရရှိခဲ့ကြောင်းဒေါက်တာအေးမောင်က ပြောသည်။

    “ကျွန်တော်တို့ ချဉ်းကပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ချဉ်းကပ်ပုံတူချင်မှ တူပါလိမ့်မယ်၊ အဲလိုဘဲ တပ်မတော်ဘက်က အမြင်နဲ ့ သမ္မတ အမြင်က တူချင်မှတူပါလိမ့်မယ်၊ ကျွန်တော်တို့ ဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်မှန်တဲ့ ပြည်ထောင်စုမူဘောင်တစ်ခုကို ရောက်ရှိရေးပါ၊ စစ်မှန်တဲ့ ပြည်ထောင်စု မူဘောင်ရောက်ရှိရေးက ကျွန်တော်တို့ ရဲ့ ပထမ ဦးတည်ချက်ပါ၊ ဒုတိယဦးတည်ချက်ကတော့ လူ့ဘောင်တစ်ခုရဲ့ လိုအပ်ချက်နဲ့ ပြည့်စုံတဲ့ ဖွဲ့စည်းပုံဖြစ်ရေးပါ၊ နောက်ဆုံးတစ်ခုက နိုင်ငံရေးအကျပ်အတည်း မဖြစ်ရေးပါ၊ အဲဒီထဲမှာတော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ သပာဇာတဖြစ်ရေးလည်းပါပါတယ်၊ ဒါတွေကို ကျွန်တော်တို့ အသားကုန်တိုက်ပြီးတောင်းဆိုမှာပါ”ဟု ဒေါက်တာအေးမောင်က ပြောသည်။

    ဒေါက်တာအေးမောင်သည် လွှတ်တော်တွင်း ရောက်ရှိနေသည့် တိုင်းရင်းသားပါတီ ၁၂ ပါတီကိုသာ ကိုယ်စားပြုပြီး ထို၁၂ ပါတီ၏ အကြံပြုချက်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများ၏ အကြံပြုချက်များအား ၎င်း၏လုပ်ဆောင်ချက်များတွင် မပါဝင်ကြောင်း သူ၏ပြောကြားချက်အရ သိရသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော်အတွင်းရှိ တိုင်းရင်းသားပါတီများ ကိုယ်စားပြု ဒေါက်တာအေးမောင်တို့ ဧပြီလ ၁၀ ရက်နေ့ ပထမ အကြိမ်တွေဆုံမှုသည် ယျေဘူယျဆန်သည့် တွေ့ဆုံမှုအဆင့်သာ ရှိသေးကြောင်း ပြည်တွင်းသတင်းမီဒီယာများမှ ရေးသားကြသည်။

    လာမည့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကိုမှု ဒေါ်အောင်ဆန်းစုကြည့်နှင့်ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း က လွှတ်တော်မစမှီအချိန် ဧပြီလ၂၂ မှ မေလ ၁၁ ကြား ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး သမ္မတ ဦးသိန်းစိန် က မှု မေလ ၁၁ ရက်နေ့ နောက်ပိုင်း ၎င်း အချိန်ပေးနိုင်မည့် ရက်တွင် ပြန်လည်ပြုလုပ်ရန် ပြောဆိုခဲ့ကြကြောင်း ဒေါက်တာအေးမောင်ထံက သိရသည်။

    သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အချက်၃ ချက်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပထမ အချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်ရေး စသည့် ဆွေးနွေးပွဲ အခြေခံမူဘောင်များကို ဆွေးနွေးခဲ့ကြကြောင်း၊ ဒုတိယအချက်မှာ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ဆွေးနွေးသည့် ပုံစံ အခင်းအကျင်းကို ဆွေးနွေးခြင်း ဖြစ်ကြောင်းနှင့် နံပါတ်သုံး အချက်မှာ နောက်တကြိမ် ၆ ပွင့်ဆိုင် ပြန်လည် တွေ့ဆုံမည့် အချိန်ကာလ သတ်မှတ်ရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,100SubscribersSubscribe
    spot_img

    Latest posts