မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ စမ်းကြီးလမ်းဝရှိ Minimark ဆိုင်ထဲကို ခြောက်ဘီးကားတစ်စီး ဝင်တိုက်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးလုံး သေဆုံးသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။
ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် စမ်းကြီးလမ်းဝ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်ဘေးရှိ Shwe Ju San Minimark ဆိုင်ကို ခြောက်ဘီးကားတစ်စီးက ဝင်တိုက်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကားပေါ် လိုက်ပါလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးလုံး သေဆုံးသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
“စမ်းကြီးလမ်းထိပ်က မီနီမတ်ကို ခြောက်ဘီးကားက ဝင်တိုက်သွားတာ။ ကားစပယ်ယာရော ဒရိုင်ဘာရော နှစ်ယောက်စလုံး သေသွားတယ်။” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခြောက်ဘီးကားသည် စမ်းကြီးလမ်းဝအနီးရှိ ရေဆေးခုံတွင် ရေဆေးပြီး မောင်းထွက်လာရာမှ ကားခေါင်းပြုတ်ပြီး Minimark ဆိုင်ထဲကို ဝင်တိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်ကလည်း စမ်းကြီးလမ်းဝ၊ မော်လမြိုင်-သံဖြူဇရ်ကားလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။



