Homeသတင်းထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းရန် (OMCC) စတင်ဆောင်ရွက်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းရန် (OMCC) စတင်ဆောင်ရွက်

-

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းရန် ပြည်ပရောက် နိုင်ငံတကာ မွန်အမျိုးသားပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (OMCC) က လက်တွေ့လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ကနဦးအနေဖြင့် အလုပ်သမားများ၏ အခက်အခဲများကို စနစ်တကျ သိရှိနိုင်ရန် စစ်တမ်းကောက်ယူမှုကို စတင်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရေရှည်အကူအညီပေးဆောင်သွားရန်ရှိကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားအများစုသည် လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှု မရရှိခြင်း၊ တရားဝင်အထောက်အထားမရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲများနှင့် အဓိက ရင်ဆိုင်နေရကြောင်း (OMCC) ပြောရေးဆိုခွင့်ရှိသူ နိုင်လရီမွန်က ဆိုသည်။

၎င်းအပြင် တရားဝင်စာရွက်စာတမ်း ပြုလုပ်ရာတွင် ကိုယ်တိုင်လုပ်ဆောင်ခွင့်မရဘဲ ပွဲစားများ၏ ဈေးနှုန်းအဆမတန်တောင်းခံမှုနှင့် စာအုပ်အလိမ်ခံရမှုများ ကြုံတွေ့နေရခြင်း၊ MOU စနစ်ဖြင့် တရားဝင် လာရောက်သော်လည်း အလုပ်လက်မဲ့ဖြစ်နေခြင်း စသည့် အခက်အခဲများ ရင်ဆုံကြုံတွေ့နေရသည်ဟု သူက ပြောသည်။

“ပွဲစားနဲ့ပဲ လုပ်ရတော့ ဈေးတွေ အဆမတန် မြှင့်ထားလို့ မလုပ်နိုင်တာတွေ ရှိသလို၊ အလိမ်ခံရပြီး စာအုပ်မရတာတွေလည်း ရှိတယ်။ တရားဝင် အထောက်အထား မရှိတော့ ကျန်းမာရေးကအစ အကုန်အကျ တအားများနေတယ်။ တီဘီ (TB) ၊ အိပ်ချ်အိုင်ဗွီ (HIV) ရောဂါတွေ အခမဲ့ကုသနိုင်တာလည်း မသိကြဘူး။" ဟု ပြောသည်။

(OMCC) အနေဖြင့် အကူအညီပေးရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေဆဲ အခြေအနေဖြစ်သောကြောင့် အစီအစဉ်တကျ မရှိသေးသော်လည်း အကူအညီလိုအပ်သည့် အလုပ်သမားများအနေဖြင့် OMCC ၏ Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ဘန်ကောက်မြို့တွင် နိုင်လရီမွန် ဦးဆောင်၍ (OMCC) အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အလုပ်သမားရေးရာ စစ်တမ်းကောက်ယူမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။

"အကူအညီပေးနိုင်ဖို့ အခုမှ စတင်ဆောင်ရွက်နေတဲ့အချိန် ဖြစ်တယ်။ ဒီထိုင်းနိုင်ငံ မှာ အလုပ်သမားအကူအညီပေးရေး ယန္တရားတစ်ခု စနစ်တကျ ပေါ်ပေါက်လာဖို့ဆိုရင် မွန်အဖွဲ့ အစည်း အားလုံး ဝိုင်းဝန်းကူညီ အကြံပေးပြီး ဝင်ပါမှ ရှေ့ဆက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ “ ဟု တိုက်တွန်းပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ သိန်းခန့်ရှိနေပြီး ၎င်းအထဲတွင် မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ရခိုင်စသည့် တိုင်းရင်းသားများ ပါဝင်ကြောင်း (OMCC) အချက်အလက်များအရ သိရသည်။

အဆိုပါရွှေ့ပြောင်းအလုပ်သမားများသည် CI စာအုပ်ပြုလုပ်ရန် ဘတ် ၂၀,၀၀၀ အထိ ကုန်ကျနေသည့်အပြင် လစာ၏ ၂၅ ရာခိုင်နှုန်းနှင့် အခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရမည့် သတ်မှတ်ချက်ကြောင့် တရားဝင်အထောက်အထား ရရှိရန် ပိုမိုခက်ခဲလာနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts