Homeဆောင်းပါးအာဏာသိမ်းစစ်အစိုးရ၏ ငြိမ်းချမ်းရေး ညီလာခံနှင့် ထာဝရအိပ်မက်

အာဏာသိမ်းစစ်အစိုးရ၏ ငြိမ်းချမ်းရေး ညီလာခံနှင့် ထာဝရအိပ်မက်

-

အာဏာသိမ်းစစ်အစိုးရက လာမည့် ၂၀၂၈ ခုနှစ် ပြည်ထောင်စုနေ့ဝန်းကျင်ခန့်မှာ ငြိမ်းချမ်းရေးညီလာခံကြီးတခု ကျင်းပသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ အာဏာသိမ်းအစိုးရက ကမကထလုပ်မည့် ငြိမ်းချမ်းရေးညီလာခံတွင် မည်သည့်အစုအဖွဲ့များ ပါဝင်မည်ကို မထုတ်ပြန်သေးသော်လည်း နေပြည်တော်မှ ကမကထ လုပ်သည့် စားပွဲဝိုင်းများတွင် တွေ့ရတက်သည့် နိုင်ငံရေးပါတီ အစုအဖွဲ့များ၊ အပစ်ရပ် ၇ ဖွဲ့ 7 EAOs Alliance တို့ ပါဝင်လာနိုင်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။

ထို့ပြင် စစ်တပ်နှင့် ဆယ်စုနှစ်ကြာ အပစ်ရပ်ထားသလို စစ်တပ် ကျင်းပသည့် ပွဲတိုင်းလိုလို တက်ရောက်လေ့ရှိသည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA) မိုင်းလားအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့လည်း တက်ရောက်နိုင်ကြောင်း ၎င်းက ဖြည့်ဆွက်ပြောဆိုသည်။

စစ်တပ် ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံမှာ ၎င်းတို့နှင့် နီးစပ်မှုရှိသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအပြင် လက်ရှိ ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်း ပါဝင်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ သို့သော် စစ်အစိုးရ ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မရှိဘူးလို့လည်း ဆိုကြသည်။

နေပြည်တော်နှင့် နီးစပ်သည့် နိုင်ငံရေးသမားတစ်ဦးက “ကျွန်တော်တော့ သိပ်မမျှော်လင့်ထားပါဘူး။ နှစ်ဖက်အလျှော့အတင်းရှိပြီး နှစ်ဖက်လုံးက စေတနာမှန် ငြိမ်းချမ်းရေးကို တကယ်လိုချင်မှပါ။ ခုချိန်ထိ နှစ်ဖက်လုံးက ယုံကြည်မှု မတည်ဆောက်နိုင်သေးပါဘူး။” ဟု မှတ်ချက်ပြုသည်။

နေပြည်တော်တွင် မြင်တွေ့လာရနိုင်သည့် အင်အားစုအသစ်များ

စစ်တပ် ငြိမ်းချမ်းရေးညီလာခံကို ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့လို့ စစ်တပ်နှင့် အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့သည့် အဖွဲ့အစည်းများ တက်ရောက်လာနိုင်မည်လားဆိုပြီး နိုင်ငံရေးအကဲခတ်များအကြား ပြောဆိုသုံးသပ်နေကြပြီး စောင့်ကြည့်နေကြသည်။

အကြောင်းကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်သို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်က KNU၊ KNPP တို့နှင့် စစ်တပ်ကြား ထိုင်းနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်မြောက်လာစေရန် ကြားဝင်ကူညီဆောင်ရွက်ပေးသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည့်အပြင် စစ်တပ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကလည်း ထိုသို့ တွေ့ဆုံဆွေးနွေးနိုင်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားရန် မူအားဖြင့် သဘောတူထားသည်ဟု သတင်းထွက်နေသည်။

ထို့ကြောင့် စစ်အစိုးရ ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံတွင် KNU နှင့် KNPP တို့ ပါဝင်လာနိုင်မလားဆိုသည့် သုံးသပ်ချက်က ထွက်လာခဲ့သည်။

အလားတူ ဗိုလ်ချုပ်ကြီးရာပြည့်ကလည်း KIO နှင့် စကားပြောနိုင်ရန် ကြိုးပမ်းနေပြီး ညီလာခံမှာ အဖွဲ့စုံနိုင်သမျှ စုံနိုင်အောင် ဖိတ်ခေါ်နိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း နေပြည်တော်အသိုင်းအဝိုင်းကနေ သိရသည်။

သို့သော် စစ်တပ်၏ ငြိမ်းချမ်းရေး ညီလာခံ အစီအစဉ်တွင် နွေဦးတော်လှန်ရေး အင်အားစုများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို ချန်လှပ်ထားဦးမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ပြောသည်။

KNU ကတော့ NUG ပါဝင်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့်သာ ဆွေးနွေးမည်ဟု ကြေညာထားပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။

ချန်လှပ်ခံရဦးမည့် နွေဦးတော်လှန်ရေးအင်အားစုများ

အာဏာသိမ်းစစ်တပ်အနေဖြင့် ယင်းအင်အားစုများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ဖိတ်ခေါ်ရန် အစီအစဉ်မရှိနိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ပြောသည်။

“NUG နဲ့ CRPH ကျတော့ PDF တွေကတော့ ကျွန်တော် ထင်တယ် ခေါ်တဲ့ထဲ ပါမယ်လို့ မထင်တော့ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်း ကြေညာထားတာ ဖြစ်တာကိုး။ အဲဒါ မရုတ်သိမ်းဘူးဆိုရင်တော့ စကားပြောဖို့တောင်မှ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် ပါနိုင်တဲ့ အရာက NCA ထိုးခဲ့ပြီးတဲ့ အဖွဲ့တွေ၊ မထိုးရသေးတဲ့ KNPP နဲ့ KIO၊ နိုင်ငံရေးပါတီ အဲဒါတွေ ပါနိုင်မယ်လို့တော့ ခန့်မှန်းတယ်ဗျ။” ဟု ဆိုသည်။

သို့သော် ယင်းအဖွဲ့များ၏ တက်ရောက်မှုသည် ၎င်းတို့၏ ဒေသတွင်း အကျိုးစီးပွားနှင့် စစ်ရေးအရ ထိပ်တိုက်မတွေ့ရေးကိုသာ ဦးတည်လေ့ရှိပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေးအဖြေရှာမှုတွင် အပြောင်းအလဲ ဖြစ်စေရန် ခဲယဉ်းကြောင်း လေ့လာသူများက ဆိုသည်။

ငြိမ်းချမ်းရေး ညီလာခံ၏ အရင်းခံ

အာဏာသိမ်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့် အစီအစဉ်သည် အာဆီယံ (ASEAN) ၏ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်များကို လိုက်နာဆောင်ရွက်နေကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းအား ပြသလိုသည့် ရည်ရွယ်ချက်သာ ဖြစ်သည်ဟု သုံးသပ်ကြသည်။

ရွေးကောက်ပွဲအလွန်ကာလတွင် အရပ်သားအစိုးရ အသွင်ပြောင်းလဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသည်ဟူသော ပုံရိပ်ကို ဖန်တီးခြင်းဖြင့် နိုင်ငံတကာ၏ သံတမန်ရေးရာ အသိအမှတ်ပြုမှုနှင့် စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချရေးကို မျှော်မှန်းခြင်း ဖြစ်သည်။

“အသွင်ပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဆိုတာက သူ့အစိုးရရဲ့ တရားဝင်မှု ရရှိရေးအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်။ အခု ICJ နဲ့ ဆိုရင်တော့ လုပ်ရတော့ ပိုခက်သွားမယ်။ ဒါပေမဲ့ သူနဲ့ ပူးပေါင်းပြီးတော့ သူ့ရဲ့ အကျိုးစီးပွား အထူးသဖြင့် အသွင်ပြောင်းအစိုးရရဲ့ အချုပ်အခြာအာဏာ ပိုပြီး ကျယ်ပြန့်ဖို့ ဆောင်ရွက်တဲ့ စီမံကိန်းမှာ ပူးပေါင်းတဲ့လူတွေလည်း ရှိပြီးသား ဖြစ်နေတယ်။ ထပ်ပြီးတော့ ပူးပေါင်းလာဦးမယ့် အစုအဖွဲ့တွေလည်း ရှိနေတဲ့အတွက် သူ့ရဲ့ စီမံချက် သူ့အတိုင်းအတာနဲ့သူ အောင်မြင်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တည်ငြိမ်အေးချမ်းတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ဖို့အတွက် ဖြစ်နိုင်ခြေ အင်မတန် နည်းတယ်လို့ ပြောလို့ရမှာပါခင်ဗျ။” ဟု လွတ်လပ်သည့် နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မှတ်ချတ်ပြုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမိုင်းတလျှောက်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ညီလာခံပေါင်းများစွာ ကျင်းပခဲ့ဖူးသော်လည်း အခြေခံကျသည့် နိုင်ငံရေးပြဿနာများနှင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုကို မဖြေရှင်းနိုင်သရွေ့ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို မရရှိခဲ့ပေ။

၂၀၂၈ ခုနှစ်အတွင်း ကျင်းပရန် စီစဉ်နေသည့် ညီလာခံသည်လည်း စစ်ရေးပဋိပက္ခ၏ အဓိက ဇာတ်ကောင်များကို ချန်လှပ်ထားခြင်း၊ စစ်တပ် စိတ်ကြိုက် ပုံဖော်ထားသည့် နိုင်ငံရေးအခင်းအကျင်းအတွင်း၌သာ ပြုလုပ်ရန် စီစဉ်ထားခြင်းတို့ကြောင့် ထာဝရငြိမ်းချမ်းရေးထက် နိုင်ငံရေးအရ ဟန်ပြလုပ်ဆောင်မှုတခုအဖြစ်သာ မှတ်တမ်းဝင်သွားနိုင်ဖွယ် ရှိနေပါသည်။

အထူးသဖြင့် စစ်တပ်ကို အမြင့်ဆုံး အာဏာများ ပေးထားပြီး ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးထားသည့် စစ်ဗိုလ်ချုပ်များ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများ မျှော်မှန်းသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို မပေးစွမ်းနိုင်သလို အာဏာသိမ်းအစုအဖွဲ့များဘက်က ၂၀၀၈ ကိုသာ ဆက်လက်စွဲကိုင်ထားခြင်းက ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်နေပေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts