မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့တပ်ရင်းမှ ခေါ်ယူသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး တွေ့ဆုံပွဲသို့ အုပ်ချုပ်ရေးမှုးများ လာရောက်ခြင်းမရှိသဖြင့် တွေ့ဆုံပွဲ ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။
ဒေသတွင်း လုံခြုံရေးကိစ္စများကို ကြပ်မတ်ရန် နိုဝင်ဘာ ၂၅ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေမြန်တပ်ရင်းမှ ရေးမြို့နယ်တောင်ပိုင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားထားကြောင်း သိရသည်။

သို့သော် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် လာရောက်ခြင်းမရှိသဖြင့် တွေ့ဆုံပွဲ ပျက်သွားခဲ့ကြောင်း သိရသည်။
“ဒီနေ့အစည်းအဝေးက ပျက်သွားပြီ။ အုပ်ချုပ်ရေးမှူးတွေ သိပ်မလာကြလို့” ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
တွေ့ဆုံပွဲမတိုင်မီ တစ်ရက်အလိုတွင် စစ်ကော်မရှင်က ခေါ်ယူသည့် တွေ့ဆုံဆွေးနွေးပွဲများသို့ မတက်ရောက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ရင်းမှူး နိုင်ဒရာဂွန်က သတိပေးပြောဆိုထားသည်။
ယခု ဆွေးနွေးပွဲ၌ အုပ်ချုပ်ရေးမှူးများအား ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ဖိအားပေး ပြောဆိုရန် ခေါ်ယူခြင်းဖြစ်သည်ဟုလည်း သူကဆိုသည်။
နိုင်ဒရာဂွန်က “အဲဒီဆွေးနွေးပွဲမှာတော့ သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေကို အားမပေးဖို့၊ သူစိမ်းလူဝင်လာတာတွေ့ရင် လာရောက်တိုင်ကြားပေးဖို့ရယ်၊ အမြန်ဆုံးလာရောက်အစီရင်ခံဖို့ရယ် ပါတယ်။ ပြီးတော့ ခြံသွားကတ်ပြားကိစ္စကို တစ်လတစ်ခါ ပုံမှန်လုပ်ဖို့ ပါမယ်ပေါ့။ အဲဒီဟာတွေ ဆွေးနွေးဖိအားပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြောဖို့ ဖြစ်တယ်။” ဟု IMNA သို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့က ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်လည်း အုပ်ချုပ်ရေးမှူးများကို သတိပေးပြောဆိုလိုခြင်းများ ဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။
ထိုနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ရေးမြို့မှ ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေမြန်တပ်ရင်းသို့ လာရောက်သည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် မိသားစုဝင်ငါးဦး လိုက်ပါလာသော မော်တော်ယာဉ်တစ်စီး မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ရင်းရယ်နှင့် မဟယ်ကျေးရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါသူများ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အပြီး ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေမြန်တပ်ရင်းနှင့် ကလော့အခြေစိုက် အမြောက်တပ်ရင်း ၃၁၆ တို့ အနီးတစ်ဝိုက်ရှိ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်သည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် နယ်မြေတစ်ခုဖြစ်ပြီး စစ်ကော်မရှင်တပ်များကလည်း နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးလှုပ်ရှားမှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း သိရသည်။




