Homeသတင်း(Loy Krathong) ပွဲတော်ရက်များအတွင်း မတော်တဆမှုများ ကြိုတင်ကာကွယ်ရန် ထိုင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန သတိပေး

(Loy Krathong) ပွဲတော်ရက်များအတွင်း မတော်တဆမှုများ ကြိုတင်ကာကွယ်ရန် ထိုင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန သတိပေး

-

လွယ်ကထုန် (Loy Krathong) ပွဲတော်ရက်များတွင် ပါဝင်ဆင်နွှဲသူများအနေဖြင့် ရေနစ်ခြင်း၊ မီးလောင်ခြင်း၊ မီးရှူးမီးပန်း ထိခိုက်ဒဏ်ရာရခြင်းနှင့် မီးပုံးပျံ (Sky Lantern) အန္တရာယ်များကို ကြိုတင်ကာကွယ်ကြရန် ထိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန (DDPM) ညွှန်ကြားရေးမှူးချုပ် နီရတ် ပေါင်ဆစ်သီထာဗွန်း (Nirat Pongsitthithavorn) က တိုက်တွန်းသည်။

ပွဲတော်ကာလအတွင်း မြစ်၊ တူးမြောင်းနှင့် ပွဲတော်နေရာများတွင် လူအများအပြား စုဝေးလေ့ရှိသောကြောင့် မတော်တဆမှု ဖြစ်နိုင်ခြေ မြင့်မားနေပြီး စိုးရိမ်ရသည့် အန္တရာယ်နေရာများအဖြစ် ထောက်ပြခဲ့သည်။

Loy Krathong ပွဲတော်အတွင်း ရေဘေးအန္တရာယ် ကာကွယ်ရန် ခိုင်ခံ့လုံခြုံသည့် သတ်မှတ်နေရာများတွင်သာ ဆီမီးခွက် မျှောကြရန်နှင့် ဆိပ်ခံတံတားများနှင့် မျောလှေများပေါ်တွင် လူထူထပ်ခြင်း၊ တွန်းတိုးခြင်းများကို ရှောင်ရှားရန် DDPM က အကြံပြုထားသည်။

လှေစီးသူများအနေဖြင့် လှေများ အပြည့်အဝ ရပ်တန့်ပြီးမှသာ အတက်အဆင်းပြုလုပ်ကြရန်နှင့် မိဘအုပ်ထိန်းသူများကလည်း ကလေးငယ်များကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်၊ အထူးသဖြင့် ကရားထောင်များပေါ်မှ ငွေကောက်ရန် ကလေးများကို ရေထဲဆင်းခွင့် လုံးဝမပြုရန် သတိပေးထားသည်။

မီးရှူးမီးပန်းနှင့် ဗျောက်အိုးများကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် မီးဘေးအန္တရာယ်များ မဖြစ်ပွားစေရန် နေအိမ်များ၊ လူနေရပ်ကွက်များ၊ ဓာတ်ကြိုးများနှင့် မီးလောင်လွယ်သည့် ပစ္စည်းများနှင့် ဝေးရာ ခွင့်ပြုထားသည့် နေရာများတွင်သာ ပစ်ဖောက်ကြရန် ဌာနက တိုက်တွန်းထားသည်။

ပွဲတော်နေရာများတွင် လူအုပ်ကြား တွန်းတိုးခြင်းများ ရှောင်ရှားကြရန်နှင့် ရောက်ရှိချိန်တွင် ဝင်ပေါက်၊ ထွက်ပေါက်နှင့် အရေးပေါ် ထွက်ပြေးနိုင်မည့် လမ်းကြောင်းများကို ကြိုတင်လေ့လာထားရန်လည်း DDPM က အကြံပြုထားသည်။

လူထူထပ်သည့် နေရာများတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ မတော်တဆမှု ဖြစ်ပွားခြင်း သို့မဟုတ် လူစုကွဲသွားခြင်းများ မရှိစေရန် အနီးကပ် စောင့်ကြည့်ကြရန်လည်း တိုက်တွန်းထားသည်။

အရေးပေါ် အကူအညီ လိုအပ်ပါက သို့မဟုတ် မတော်တဆမှုများ တွေ့ရှိပါက ၂၄ နာရီ ဖွင့်လှစ်ထားသည့် 1784 ဘေးအန္တရာယ် ဟော့လိုင်းဖုန်း သို့မဟုတ် LINE ရှိ “ปภ. รับแจ้งเหตุ 1784” မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဌာနက အသိပေးထားသည်။

၂၀၂၆ ခုနှစ်တွင် တန်ဆောင်တိုင်လပြည့်နေသည် နိုဝင်ဘာ ၂၄ ရက် (အင်္ဂါနေ့) ဖြစ်ပြီး ထိုင်းနိုင်ငံ၏ မြို့အသီးသီးတွင် ပွဲတော်များကို ရက်အမျိုးမျိုးဖြင့် ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။

ကိုးကား-Khaosod English

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts