မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသ၊ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရသူ ၂ ဦး ထပ်မံသေဆုံးကြောင်း မြေပြင်အကူအညီပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရေးချောင်းဖျားဒေသရှိ ဖလံချောင်းဝနှင့် ချဲတိုက်ကျေးရွာထဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလံချောင်းဝကျေးရွာတွင် အသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ချဲတိုက်ကျေးရွာတွင်လည်း အသက် ၂၁ နှစ်နှင့် ၅၈ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၄ ဦး၊ အမျိုးသား ၇ ဦးနှင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရသူများအနက် ချဲတိုက်ကျေးရွာမှ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားခဲ့သည်ဟု မြေပြင်အကူအညီပေးနေသူတစ်ဦးက ပြောသည်။
“အမျိုးသမီးကတော့ (နိုဝင်ဘာ ၂၀) ညပိုင်းက မော်လမြိုင်ဆေးရုံမှာ ဆုံးသွားတယ်။ လူငယ် ကတော့ မနေ့က (နိုဝင်ဘာ ၂၁) နေ့လယ်ပိုင်းက ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူပေမဲ့ ဆုံးသွားခဲ့တယ်။ သူကတော့ ဖုန်းကို ခါးမှာချိတ်ထားပြီး လေယာဉ်နဲ့ ဗုံးကြဲတော့ ဖုန်းကွဲစတွေက ခန္ဓာကိုယ်အတွင်းမှာ ဝင်သွားပြီး ထုတ်မရလို့ ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
ရေးချောင်းဖျားဒေသ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၅ ဦးအထိ ရှိလာပြီး ပြင်းထန်ဒဏ်ရာရသူများအနက် အရေးပေါ် ဆေးကုသမှု ခံနေရသူအချို့လည်း ရှိနေသည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ရေး၊ မော်လမြိုင်နှင့် ရန်ကုန်မြို့ရှိ ဆေးရုံများတို့တွင် ဆေးကုသမှုခံယူနေရပြီး ပြည်တွင်း ပြည်ပရှိ မွန်လူမျိုးများနှင့် မွန်အရပ်ဘက်အဖွဲ့အစည်းများက ကူညီထောက်ပံ့လျက်ရှိသည်။




