Homeသတင်းကျိုက်နဲဘုရားပွဲကို စည်းမျဉ်းစည်းကမ်းများဖြင့် ၅ ရက်တိုင် ကျင်းပမည်

ကျိုက်နဲဘုရားပွဲကို စည်းမျဉ်းစည်းကမ်းများဖြင့် ၅ ရက်တိုင် ကျင်းပမည်

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာအကြား ပင်လယ်ပြင်ရှိ ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို စည်းမျဉ်းစည်းကမ်းများဖြင့် ၅ ရက်တိုင် ကျင်းပသွားမည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုနှစ်တွင် ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာလ ၂၃ ရက်နေ) မှ လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ ၂၇ ရက်) အထိ ၅ ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဘုရားဖူးလာသူများ အန္တရာယ်ကင်းစွာ ဘုရားဖူးနိုင်ရန် ဘုရားဂေါပကအဖွဲ့၊ ရွာသူ ရွာသားများနှင့် ဒေသခံ လုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်ထားကြောင်း ဆိုသည်။

ဘုရားဖူးလာသူများအနေဖြင့် ဘုရာရှိရာ ပင်လယ်ပြင်သို့ သွားလိုလျှင် လုံခြုံရေးဌာနသို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး၊ အသက်ကယ်အင်္ကျီ မဖြစ်မနေ ဝတ်ဆင်ရန်၊ သတ်မှတ်ချိန်အတွင်းသာ ဘုရားသို့ သွားခွင့်ရှိသည် စသည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားသည်ဟု ဘုရားပွဲကျင်းပရေး တာဝန်ခံတစ်ဦးက ပြောသည်။

“အချိန်အခါမဟုတ်ဘဲ ဆင်းခွင့်မရှိဘူး။ သတ်မှတ်အချိန်အတိုင်းပဲ ဆင်းရမယ်။ အဲတုန်းက အန္တရာယ် ဖြစ်သွားတာက စည်းကမ်းမလိုက်နာလို့ အခြားနယ်ကဒေသခံတွေ စည်းကမ်းမသိလို့၊ လုံခြုံရေးအဖွဲ့လည်း သုံးဖွဲ့ပြင်ထားတယ်။ ဘုရားဖူးတွေဆင်းသွားရင် တစ်ဖက်နဲ့တစ်ဖက် ရေအတက်အကျအချိန်မီဖြစ်ဖို့အတွက် ပြင်ဆင်ထားတယ်။ အခုစည်းမျဉ်းစည်းကမ်းတွေကို သံဖြူဇရပ်မြို့အဝင်အထွက် ပငရွာအထိပေါ့ ကပ်ထားတယ်” ဟု ၎င်းက ပြောသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ဘုရားပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပလာခဲ့ရသည်။

ယခုနှစ်မှာတော့ ဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်ကနေ လဆုတ် ၃ ရက်နေ့အထိ ၅ ရက်တိုင် ကျင်းပသွားရန် စီစဉ်ထားသော်လည်း ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းခြင်းမရှိကြောင်း ဘုရားပွဲဂေါပကအဖွဲ့ထံမှ သိရသည်။

“၅ ရက်ဆိုတာက အရင်ခေတ်တုန်းကလည်း အဖိတ်နေ့ဆို ဘုရားကိုဆင်းပြီး၊ ဘုရားမှာပဲအိပ်ကြတယ်။ ဥပုသ်နေ့ကျရင် ဒေသခံတွေ ဘုရားဆွမ်းတင် ပြင်ဆင်တာတွေပေါ့။ ဘုရားပွဲရက် တစ်ရက် နှစ်ရက်ပဲဆိုရင် လူတွေ အစုလိုက် ဖြစ်သွားမယ်။ ၅ ရက်ဆိုရင် အရင်လာတဲ့သူက လာပေါ့။ အဓိကတော့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအတိုင်းလိုက်နာရင်တော့ ဘုရားဖူးလာတဲ့သူတိုင်းလည်း အန္တရာယ်ကင်းမယ်” ဟု ၎င်းက ပြောသည်။

ကျိုက်နဲဘုရားဖူးလာမည့် ရပ်နီးရပ်ဝေး ဧည့်သည်များအတွက် အခမဲ့လှေ အကြိုအပို့ ပေးခြင်း၊ ကားရပ်နားရာနေရာနှင့် အစားအသောက်များပါ စီစဉ်ပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။

ဝဲကလောင်ကမ်းခြေမှ ၂ မိုင်နီးပါးအကွာအဝေးရှိသည့် ကျိုက်နဲဘုရားကို စက်လှေဖြင့် သွားနိုင်သလို ရေအတက် အကျမှာ ပေါ်လာလေ့ရှိသည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ်ကနေ လမ်းလျှောက်သွားကြသည်လည်း ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကျိုက်နဲရေလယ်ဘုရားပွဲတော်တွင် ဘုရားဖူးများ ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်း ရိုက်ခတ်ခြင်းကြောင့် ဘုရားဖူးများ ရေထဲမျှောပါမှုများဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts