Homeသတင်းဘီးလင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ဘီးလင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သောင်ကြီးကျေးရွာ ဝင်းက-တောင်စွန်းသွားလမ်းပေါ်တွင် ယနေ့ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် သောင်ကြီးကျေးရွာကနေ ကားဖြင့် မောင်းနှင်လာသည့် အသက် ၅၀ ကျော်အရွယ် ဦးမောင်စံဆိုသူကို သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် အနောက်ကနေ လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ဦးမောင်စံသည် ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက်ခန့်ဖြင့် စိုးရိမ်ရဒဏ်ရာ ရရှိသည်ဟု သိရသည်။

“သူက ဘီးလင်းမှာ လောင်းကစားဝိုင်းတွေကို ကန်ထရိုက် ရယူထားတဲ့လူ။ အခုလည်း လောင်းကစားဝိုင်းကနေ ပြန်လာတဲ့အချိန် ပစ်ခံထိတယ်။ ထိသွားတာ မနည်းဘူးလို့ သိရတယ်။” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ပြင်းထန် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိသည့် ဦးမောင်စံကို ဘီးလင်းဆေးရုံမှတဆင့် သထုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ဦးမောင်စံသည် စစ်တပ်၊ ရဲတို့နှင့် ပူးပေါင်းပြီး ဘီးလင်းမြို့နယ်အတွင်း အာဝါဒေး လောင်းကစားဝိုင်းများကို ကန်ထရိုက်ယူ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်ကလည်း လောင်းကစားဝိုင်းကနေ ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောဆိုနေကြသည်။

ဦးမောင်စံ သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လွန်ခဲ့သည့် ၆ လခန့်ကလည်း ဦးမောင်စံသည် ရွှေလှေကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts