မွန်ပြည်နယ်အတွင်း လယ်သမားများ စက်သုံးဆီ ဝယ်မရသည့်အတွက် စပါးရိတ်သိမ်းရန် အခက်အခဲ ကြုံနေရသည်ဟု လယ်သမားတို့က ပြောသည်။
လတ်တလောတွင် မိုးရွာသွန်းနေသောကြောင့် လယ်သမားများ အချိန်မှီ စပါးရိတ်သိမ်းရန် ပြင်ဆင်လုပ်ဆောင်နေကြသော်လည်း စက်သုံးဆီ ဝယ်မရလို အခက်အခဲဖြစ်နေကြောင်း၊ စက်သုံးဆီများကို ပြင်ပမှောင်ခိုဈေးကွက်တွင် ဈေးကြီးပေးဝယ်နေရကြောင်း ဆိုသည်။
“၄ ရက်လောက် ဆီပြတ်နေတာ ဝယ်လို့မရဘူးဖြစ်နေတယ်။ အချိန်မှီ ရောင်းပေးမယ်ဆိုပြီးတော့ တကယ်ကျတော့ မထုတ်ပေးနိုင်ဘူးဖြစ်နေတယ် ပြည်နယ်အစိုးရက။ လယ်သမားကလည်း ဆီဆိုင်က မရောင်းပေးတော့ ဒေါပွတယ်။ ရွာတိုင်းလိုလို ဆီပြဿနာဖြစ်တယ်။ မိုးကလည်း နှစ်ရက်တစ်ခါလောက် ရွာနေတော့ ကသိကအောက်တော့ ဖြစ်တယ်။ လောလောဆယ် အပြင်ဈေး ၇၀၀၀ နဲ့ ဝယ်နေရတယ်” ဟု ပေါင်မြို့နယ်မှ လယ်သများတစ်ဦးက ပြောသည်။
ပြည်နယ် စစ်အစိုးရက စက်သုံးဆီအရောင်းဆိုင် ၁၁၉ ဆိုင်အား မိုးစပါးရိတ်သိမ်းရန်အတွက်ဆိုပြီး စက်သုံးဆီဂါလံ ၃၆၀၀၀၀ ကျော်ကို အောက်တိုဘာလ ၂၃ ရက်နေ့က ပထမအကြိမ် ခွဲဝေပေးထားကြောင်း၊ လယ်တစ်ဧကလျှင် သုံးဂါလံနှုန်းဖြင့် ဝယ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

လယ်သမားများအတွက် စက်သုံးဆီ ခွဲတမ်းများ အချိန်မီထုတ်ပေးမည်ဟု ပြည်နယ်စစ်အစိုးရက ပြောဆိုထားသော်လည်း လက်တွေ့တွင် စက်သုံးဆီခွဲတမ်း မရသည့်အတွက် လယ်သမားများကို စက်သုံးဆီ မရောင်းပေးနိုင်ခြင်းဖြစ်ကြောင်း ဆီသုံးဆီအရောင်းဆိုင်ပိုင်ရှင်တို့က ပြောသည်။
“တောင်သူလယ်သမားအတွက် ဆီက မရောက်သေးဘူး။ ဒုတိယအကြိမ်အတွက် ဆီက မရသေးဘူး။ လာတော့ လာမယ်ပေါ့။ ပထမအကြိမ်ရတဲ့ ခွဲတမ်းက ၂၀ ရာခိုင်နှုန်းချပေးထားတယ်။ ကုန်ပြီးလေ၊ ဆိပ်ကမ်းမှာ ဆီမရှိဘူး။” ဟု ချောင်းဆုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံတစ်ဦးက ပြောသည်။
တောင်သူလယ်သမားများအတွက် စက်သုံးဆီသတ်မှတ်ဈေးနှုန်းသည်လည်း ပုံမှန်ဈေးနှုန်းထက် ၃၀၀ ကျပ် ပိုပေးရသလို ဆီကိုလည်း လိုသလောက် အလွယ်တကူ ဝယ်ယူ၍ မရကြောင်း လယ်သမားတို့က ဆိုသည်။
၎င်းပြင် စက်သုံးဆီးကို ပုံစံ ၇ ရှိသူများသာ ဝယ်ယူနိုင်သည့်အတွက် ပုံစံ ၇ မရှိသည့် လယ်သမားများအတွက် ပိုပြီး အခက်အခဲကြုံတွေ့နေရသည်ဟု မုဒုံမြို့နယ်၊ ထုံမံရွာမှ လယ်သမားတစ်ဦးက ဆိုသည်။
“မိုးကလည်းရွာမလိုလိုနဲ့ စပါးကလည်းရိတ်ဖို့လုပ်နေတယ်။ ပုံစံ ၇ ရှိရင် အကုန်ထုတ်ပေးတယ်။ လယ်သမားဆို မပေးလို့ မရဘူးဆိုပြီး ပြောထားတယ်။ ဈေးပိုတောင်းမှာကိုလည်း ရပ်ကျေးတွေက လိုက်မေးပါတယ်။ ဒါပေမဲ့ ပုံစံ ၇ မရှိတဲ့ ကျမတို့ဆို ကောက်ရိတ်စက်ဆို အခြားမြို့နယ်ကနေ ခေါ်လာတော့ စက်က ဆီတစ်နေရာနဲ့တစ်နေရာ သယ်ခွင့်မရှိတော့ ခက်တယ်။ ဆီတစ်ပေပါဆို ၂၈ သိန်းလို့ပြောတယ်” ဟု ၎င်းက ပြောသည်။
စက်သုံးဆီလိုအပ်သည့် လုပ်ငန်းများ အထောက်အထားအချက်အလက်ဖြင့် ပြည်နယ် စစ်အစိုးရအဖွဲ့ကို တင်ပြလျှင် သက်ဆိုင်ရာဌာနက လုပ်ငန်းအမျိုးအစားအလိုက် အမှန်တကယ်လိုအပ်သည့် စက်သုံးဆီပမာဏကို ရောင်းချပေးလျက်ရှိသည်ဟု ပြည်နယ် စစ်အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက လွှတ်တော်တွင် ဖြေကြားထားသော်လည်း လက်တွေ့မြေပြင်တွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲနေဆဲဖြစ်သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ စက်သုံးဆီရည်ညွှန်းဈေးအရ မွန်ပြည်နယ်တွင် ဒီဇယ်တစ်လီတာလျှင် ၅၀၆၅ ကျပ်၊ ပရီမီယမ်တစ်လီတာလျှင် ၅၅၉၅ ကျပ်၊ ၉၂ တစ်လီတာလျှင် ၄၅၁၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၄၅၄၅ ကျပ် ရှိသည်။




