Home အယ်ဒီတာ့အာဘော် ပြည်သူ့လုံခြုံရေးကို ဘယ်သူတာဝန်ယူမလဲ

ပြည်သူ့လုံခြုံရေးကို ဘယ်သူတာဝန်ယူမလဲ

အယ်ဒီတာ့အာဘော်

မွန်ပြည်နယ်အတွင်း ခိုးမှု၊ လုယက်မှု၊ နေအိမ်ဖောက်ထွင်းခံရမှု၊ ဓားပြတိုက်မှုနှင့် လူသတ်မှုစသည့် ရာဇဝတ်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာနေပြီး ပြည်သူတို့၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာနေသည်။ ထို့အပြင် လူပျောက်ဆုံးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်သည့် လူမှုရေးပြဿနာများပါ ကြုံတွေ့လာရသော်လည်း ထိရောက်သည့် တားဆီးအရေးယူနိုင်ခြင်းများ မရှိသည့်အခြေအနေကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် ကိုယ်တိုင်စိုးရိမ်ကာကွယ်နေရသည့် အခြေအနေဖြစ်နေသည်။

ရာဇဝတ်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်စေပြီး ညအချိန် အပြင်ထွက်သွားလာရန် စိုးရိမ်လာရခြင်း၊ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများကို လုံခြုံရေးအတွက် ပိုမိုသတိထားလာရခြင်း၊ မိသားစုဝင်များ၏ သွားလာလှုပ်ရှားမှုအပေါ် စိတ်ပူပန်နေရခြင်းတို့သည် လူမှုဘဝ၏ ပုံမှန်အခြေအနေမဟုတ်ပေ။ ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာဒေသတွင် လုံခြုံစွာ နေထိုင်သွားလာနိုင်ခြင်းသည် အခြေခံအကျဆုံးလိုအပ်ချက် ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ရာဇဝတ်မှုများကို ထိရောက်စွာ မတားဆီးနိုင်ခြင်း၊ ဖြစ်ပွားပြီးသော အမှုများကို စုံစမ်းမဖော်ထုတ်နိုင်ခြင်းနှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးမယူနိုင်ခြင်းတို့အပေါ် ပြည်သူများ၏ ယုံကြည်မှု အားနည်းလာသည်။ အမှုဖြစ်ပွားပြီးနောက် တိုင်ကြားသော်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိခြင်း၊ ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိခြင်းတို့သည် ရာဇဝတ်မှုကျူးလွန်သူများအတွက် ပိုမိုအတင့်ရဲလာစေသည်။ ထိုအခြေအနေသည် ပြည်သူ့လုံခြုံရေးအတွက်သာမက တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုကိုပါ ထိခိုက်စေသည်။

မွန်ပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေရသည့် ရာဇဝတ်မှုများကို သီးခြားဖြစ်စဉ်တစ်ခုချင်းအဖြစ်သာ မဟုတ်ပဲ နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေးအခက်အခဲ၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေးဝါးပြဿနာနှင့် အုပ်ချုပ်ရေးယန္တရားများ အားနည်းလာမှုတို့သည် လူမှုလုံခြုံရေးအခြေအနေအပေါ် သက်ရောက်နိုင်သည့် အချက်များဖြစ်သည်။ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးစနစ် အားနည်းလာပြီး အရေးယူမှုများတွင် တာဝန်ခံမှုကင်းမဲ့လာပါက ရာဇဝတ်မှုများကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာနိုင်သည်။ ထို့ကြောင့် ရာဇဝတ်မှုများကို လျှော့ချရန်အတွက် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူခြင်းတစ်ခုတည်းသာမက ဖြစ်ပွားစေသည့် နောက်ခံအကြောင်းရင်းများကိုပါ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍လည်း သုံးစွဲသူများကိုသာ အပြစ်ပုံချခြင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူခြင်း၊ မူးယစ်ဆေးစွဲလမ်းသူများအတွက် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ဖော်ဆောင်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရန် လိုအပ်သည်။ လူမှုရေးပြဿနာတစ်ခုကို ရာဇဝတ်မှုအဖြစ်သာ သဘောထားဖြေရှင်းနေပါက ပြဿနာ၏ အရင်းအမြစ်ကို ထိရောက်စွာ ဖြေရှင်းနိုင်မည်မဟုတ်ပေ။

လက်ရှိမွန်ပြည်နယ်အတွင်း ဒေသအလိုက် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အာဏာကို ကိုင်တွယ်နေသည့် အဖွဲ့အစည်းများ ကွဲပြားနိုင်သော်လည်း မည်သည့်အဖွဲ့အစည်းဖြစ်စေ မိမိတို့ ထိန်းချုပ်အုပ်ချုပ်နေသည့် ဒေသအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် တာဝန်ရှိသည်။ ပြည်သူ့လုံခြုံရေးကို အာမခံပေးနိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးအာဏာကိုသာ ဆုပ်ကိုင်ထားခြင်းသည် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးစနစ်တစ်ခုဟု မဆိုနိုင်ပေ။ ထို့အပြင် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း အာဏာရှိသူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အကျိုးစီးပွားနှင့် နိုင်ငံရေးရည်ရွယ်ချက်များအပေါ် မူတည်နေခြင်းမဟုတ်ဘဲ တရားမျှတမှုနှင့် ဥပဒေစည်းမျဉ်းများအပေါ် အခြေခံရမည်ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်ရာဇဝတ်မှုဖြစ်စဉ်များကို ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ရန်၊ တိုင်ကြားမှုများကို ထိရောက်စွာ ကိုင်တွယ်ရန်၊ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူရန်နှင့် အရေးယူဆောင်ရွက်မှုများအပေါ် ပြည်သူများသိရှိနိုင်သည့် တာဝန်ခံမှုစနစ်တစ်ရပ် ထားရှိရန် လိုအပ်သည်။ ပြည်သူ့လုံခြုံရေးသည် အာဏာရှိသူများက လက်တွေ့အကောင်အထည်ဖော်ပေးရမည့် အခြေခံတာဝန်ဖြစ်သည်။ ရာဇဝတ်မှုများကို မတားဆီးနိုင်ခြင်း၊ ကျူးလွန်သူများကို အရေးမယူနိုင်ခြင်းနှင့် ပြည်သူများ၏ လုံခြုံရေးကို အာမခံမပေးနိုင်ခြင်းတို့အတွက် သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူရမည်ဖြစ်သည်။ ပြည်သူ့လုံခြုံရေးကို အာမခံပေးနိုင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးစနစ်တစ်ရပ် တည်ဆောက်နိုင်မှသာ မွန်ပြည်နယ်၏ လူမှုဘဝလုံခြုံရေးကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။