မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲနေသည့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)ကို နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးရန်ဟု ဖိတ်ခေါ်နေသော်လည်း မြေပြင်တွင်မူ KNU ထိန်းချုပ်နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ရေးထိုးစစ်များ အရှိန်မြှင့် လုပ်ဆောင်နေသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ပြောဆိုနေသည့် စစ်အုပ်စုသည် မြေပြင်တွင် စစ်ရေးထိုးစစ်များကို ဆက်လက်အရှိန်မြှင့်နေခြင်းကြောင့် ၎င်း၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် ယုံကြည်မှု တည်ဆောက်ရန် ပိုမိုခက်ခဲလာနေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က KNU ကို အမည်တပ်ဖိတ်ခေါ်ပြီး နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာကြရန် ပြောဆိုနေသည်။ သို့သော် KNU တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၄) မြိတ်ထားတယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ နယ်မြေများကို ပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည့် စစ်အုပ်စုသည် နိုဝင်ဘာလ အစောပိုင်းတွင် စစ်ရေးထိုးစစ်များကို ပိုမိုအရှိန်မြှင့်လာခဲ့သည်။ KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ စခန်းများအပြင် အခြေစိုက်စစ်စခန်း ၁၁ ခုကိုပင် သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း စစ်အုပ်စုဘက်က ထုတ်ပြထားသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက လက်ရှိစစ်ရေးအခြေအနေသည် KNU ကိုသာမက KNU ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများကိုပါ ပစ်မှတ်ထားသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ကို ပစ်မှတ်ထားတယ်။ ကျွန်တော်တို့ နယ်မြေထဲက ပြည်သူလူထုတွေအပြင် ကျွန်တော်တို့ KNU ရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း တော်လှန်တိုက်ပွဲဝင်နေတဲ့အနေအထားကို သူတို့ဘက်ကတော့ ဒါကို ခါးခါးသီးသီးနဲ့ ရှုမြင်နေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။” ဟု ပဒိုစောကလယ်စေးက ပြောသည်။
စစ်အုပ်စု၏ စစ်ရေးဖိအားပေးမှုသည် မြေပြင်ထိုးစစ်များနှင့်သာ ရပ်တန့်မနေဘဲ KNU ၏ နယ်စပ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကိုပါ ပိတ်ဆို့ရန် ကြိုးပမ်းလာသည်။ ထိုင်းနိုင်ငံအနေဖြင့် KNU နှင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှုများ မပြုလုပ်ရန်နှင့် KNU ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို အသုံးပြုပါက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု စစ်အုပ်စုက ထိုင်း-မြန်မာနယ်ခြားစောင့်ကော်မတီထံ ဩဂုတ် ၃၁ ရက်က သတိပေးစာ ပေးပို့ခဲ့သည်။
ထိုသတိပေးစာပေးပို့ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင်ပင် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်၊ သံလွင်မြစ်ကမ်းဘေးရှိ သော်လဲထ နယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်သည် KNU ၏ နယ်စပ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများအပေါ် စစ်ရေးအရသာမက စီးပွားရေးအရ ဖိအားပေးနေသည့် အခြေအနေကို ထင်ရှားစေသည်။
တပ်မဟာ ၄ ဒေသ၊ မြိတ်-ထားဝယ်လမ်းပိုင်းတွင် နိုဝင်ဘာလ အစောပိုင်းမှစတင်ကာ နေ့စဉ်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး ကုန်တင်ကားတချို့ ပိတ်မိနေသည်။ မြိတ်-ထားဝယ် လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရေး အာဏာသိမ်း စစ်တပ်က ကြိုးပမ်းနေပြီး KNU နယ်မြေများသို့ အသေခံဒရုန်းများ၊ လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
တစ်ချိန်တည်းတွင် နေပြည်တော်သို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်က အာဏာသိမ်းစစ်တပ်၊ KNU နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား ထိုင်းနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်မြောက်လာစေရန် ကြားဝင်ကူညီဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
တဖက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေပြီး အခြားတဖက်တွင် စစ်ရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် ယုံကြည်မှု တည်ဆောက်ရန် ပိုမိုခက်ခဲစေသည်။ KNU ဘက်ကလည်း စစ်အုပ်စု၏ အမှန်တကယ်ရည်ရွယ်ချက်သည် ငြိမ်းချမ်းရေးထက် စစ်တပ်၏ အာဏာစိုးမိုးမှုကို ဆက်လက်ထိန်းသိမ်းရန်ဖြစ်ကြောင်း သုံးသပ်ထားသည်။
“သူတို့ရဲ့ စိတ်ရင်းအမှန်က ငြိမ်းချမ်းရေးမဟုတ်ဘဲနဲ့ နိုင်ငံထဲမှာရှိတဲ့ ကျန်တဲ့လူတွေအားလုံးအပေါ်မှာ စစ်တပ်က စိုးမိုးချယ်လှယ်ရမယ်။ စစ်တပ်သာလျှင် အဓိက၊ စစ်တပ်သာလျှင် အမိ၊ စစ်တပ်သာလျှင် အဖ လို့ သန္ဓေတည်ထားတဲ့ အဲ့လို စိတ်ပဲဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။” ဟု ပဒိုစောကလယ်စေးက မှတ်ချက်ပြုသည်။
စစ်တပ်၏ ထိုးစစ်နှင့် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် KNU ခရိုင် ၇ ခုတွင် အရပ်သားပြည်သူ ၉ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရကြပြီး ယနေ့တိုင် နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ CIDKP ၏ နိုဝင်ဘာလထုတ် အစီရင်ခံစာအရ သိရသည်။
စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် အသက်အိုးအိမ်စည်းစိမ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့်လည်း လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများကို ပိုမိုရင်ဆိုင်နေရသည်။
“စစ်အုပ်စုက မြေပြင်စစ်ဆင်ရေးတွေကို ပံ့ပိုးဖို့ လမ်းကြောင်းနဲ့ နယ်မြေတွေကို ထိန်းချုပ်ဖို့ လေကြောင်းနဲ့ တာဝေးပစ် လက်နက်တွေကို အသုံးပြုနေတာ တွေ့ရတယ်။ မြေပြင်မှာ သွားလာလှုပ်ရှားဖို့ ခက်ခဲတဲ့နေရာမှာ အဲ့လို ဖိအားပေးနိုင်တာကလည်း အကြောင်းတစ်ခုပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ မြေပြင်တွေမှာပဲ တိုက်ခိုက်တာ မဟုတ်ဘူး။ တိုက်ပွဲမရှိတဲ့ ကျေးရွာနဲ့ လူနေအိမ်တွေ နောက်ပြီးတော့ IDPs စခန်းကိုပါ တိုက်ခိုက်တယ်။ အဲ့အကျိုးဆက်က လူတွေ မိမိမြို့ရွာမှာ မနေရဲတော့တာတွေ အလုပ်မလုပ်နိုင်တော့တာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်တော့တာတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အရပ်သားတွေကို ကြောက်ရွံ့စေပြီးတော့ ဒေသတစ်ခုလုံးရဲ့ နေထိုင်မှုကို ဖိအားပေးတဲ့သဘော သက်ရောက်နေပါတယ်။” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
KNU ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသလို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုလည်း စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသည်။ ယင်းလုပ်ရပ်များသည် တော်လှန်ရေးအဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းစီ သီးခြားဆက်ဆံကာ စစ်ရေးအရ အားနည်းစေရန် ကြိုးပမ်းနေသည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်စရာဖြစ်လာသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက စစ်အုပ်စုသည် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပြောဆိုနေသော်လည်း မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေခြင်းမှာ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။ ထို့အပြင် စစ်အုပ်စု၏ ဆွေးနွေးရေးကမ်းလှမ်းချက်များသည် လက်နက်ချရေးနှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ရေးအပေါ်သာ အခြေခံနေပြီး နိုင်ငံရေးပြဿနာများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေရှင်းရန် ရည်ရွယ်သည့် ဆွေးနွေးမှုမျိုး မဟုတ်ကြောင်း ပြောသည်။
“ပြောချင်တာကတော့ သူက ဆွေးနွေးပွဲလုပ်မယ် ဆိုပေမဲ့လည်း မြေပြင်မှာတော့ တိုက်ပွဲလုပ်တာ အမြဲတမ်းလို အဲလိုမျိုး လုပ်ခဲ့တာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း တစ်ခုလို ဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ သူပြောတဲ့ ဆွေးနွေးပွဲကတော့ အဲ လက်နက်ချရေး မူတွေပေါ့။ နောက် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်တွေကို စွန့်လွှတ်ပါဆိုတဲ့ မူတွေ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံငုံပြီးမှ အဖြေရှာတဲ့ ဆွေးနွေးပွဲကိုတော့ သူ မလုပ်ဘူး။ တစ်ဖွဲ့နဲ့ လုပ်ပြီးမှ တစ်ဖွဲ့ကိုတော့ ပစ်တယ်။ ဟို တစ်ဖွဲ့နဲ့ ဆွေးနွေးပွဲလုပ်ပြီးမှ ဒီတစ်ဖွဲ့နဲ့တော့ တိုက်ပွဲဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကတော့ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး ဖြစ်နေတာ။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်အုပ်စု၏ စစ်ရေးအခြေအနေကို ကြည့်ပါကလည်း မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နယ်မြေစိုးမိုးရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ကချင်ဒေသတွင် စစ်ကြောင်းထိုးမှုများ အောင်မြင်မှုမရရှိသည့် အခြေအနေများရှိသကဲ့သို့ KNU တပ်မဟာ ၅ နယ်မြေ၊ မင်းလက်ပံကျေးရွာအနီးရှိ စစ်ကြောင်းသည် နှစ်ချီကြာမြင့်လာသည့်တိုင် ရှေ့တိုးနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် KNU တပ်မဟာ ၄ နယ်မြေ၊ မြိတ်-ထားဝယ်လမ်းပိုင်းကိုလည်း ပြန်လည်စိုးမိုးနိုင်ရေး စစ်အုပ်စုက ကြိုးပမ်းနေသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် KNU ထိန်းချုပ်နယ်မြေများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအပေါ် စစ်အုပ်စုက အလေးထားဖိအားပေးနေခြင်းတွင် စစ်ရေးရည်ရွယ်ချက်သာမက နယ်မြေစိုးမိုးရေးနှင့် ဝင်ငွေရရှိမှုဆိုင်ရာ အကျိုးစီးပွားများလည်း ပါဝင်နိုင်သည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်းသည် ဒေသတွင်း စီးပွားရေးနှင့် ထောက်ပံ့ရေးအပေါ် သက်ရောက်မှုရှိသကဲ့သို့ KNU ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးဆိုင်ရာ ရပ်တည်နိုင်စွမ်းအပေါ်လည်း သက်ရောက်မှု ရှိနိုင်သည်။
ထို့ကြောင့် လာမည့်ပွင့်လင်းကာလများတွင် စစ်အုပ်စုက နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်များ ပိုမိုအရှိန်မြှင့်လာပါက ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။ ထိုအခြေအနေသည် KNU နှင့် စစ်အုပ်စုအကြား စစ်ရေးတင်းမာမှုကိုသာမက ဒေသခံပြည်သူများ၏ လုံခြုံရေး၊ နေရပ်စွန့်ခွာမှုနှင့် လူမှုစီးပွားရေးအခြေအနေများကိုပါ ပိုမိုထိခိုက်စေနိုင်သည်။
မည်သို့ပင် စစ်အုပ်စုက KNU ကို တဖက်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး အခြားတဖက်တွင် စစ်ရေးအရ ဖိအားပေးမှုများ ပြုလုပ်နေစေကာမူ KNU ဘက်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှခွင့်တို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသည်။
“ကျွန်တော်တို့က တစ်နိုင်ငံလုံးက လိုလားတဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးပေါ့နော်။ အဓိကအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူညီမျှခွင့်တွေကို ကျွန်တော်တို့ တောင်းဆို တိုက်ပွဲဝင်မယ်”ဟု ပဒို စောကလယ်စေးက ပြောသည်။
ငြိမ်းချမ်းရေးဆိုသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများကို ဆွေးနွေးပွဲတစ်ခုသို့ ဖိတ်ခေါ်ရုံဖြင့် ရရှိလာမည့်အရာမဟုတ်ပေ။ စစ်ရေးထိုးစစ်များ ဆက်လက်ဆင်နွှဲနေပြီး တစ်ဖက်တွင် လက်နက်ချရေးနှင့် တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရေးကိုသာ ဦးတည်သည့် ဆွေးနွေးမှုမျိုးသည် နိုင်ငံရေးပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ကို လက်တွေ့အသိအမှတ်ပြုကာ စစ်ရေးထိုးစစ်များကို ရပ်တန့်ပြီး အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုကို ဖော်ဆောင်နိုင်မှသာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် အဓိပ္ပာယ်ရှိလာမည်ဖြစ်သည်။



