ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးရယူသုံးစွဲနေရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နေအိမ်သုံးလျှပ်စစ်မီတာခအပြင် ရပ်ကွက်လမ်းပိုင်းအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးအတွက်ပါ ပေးဆောင်နေရသဖြင့် ကုန်ကျစရိတ်များ ဝန်ထုတ်ဝန်ပိုးဖြစ်လာကြောင်း ရေးဒေသခံများက ပြောသည်။
လက်ရှိ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ရေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကလျှပ်စစ်မီးကုမ္ပဏီများမှ မီတာခကို တစ်ယူနစ် ကျပ် ၃,၆၀၀ သတ်မှတ်ထားပြီး ရပ်ကွက်လမ်းပိုင်းမီးလင်းရေးအတွက် ကျပ် ၁၈,၀၀၀ ကိုလည်း မဖြစ်မနေ ထပ်မံပေးဆောင်နေသည်။
အိမ်ထောင်စုတစ်စုလျှင် ပျမ်းမျှ လျှပ်စစ်မီးတစ်လသုံးစွဲစရိတ် တစ်သိန်းကျော်အထိ ကုန်ကျနေပြီး စားသောက်ကုန်ဈေးနှုန်းများအပါအဝင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အချိန်တွင် နေ့စဉ်လူမှုစီးပွားဘဝအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေသည်ဟု ရေးမြို့နယ် ဒေသခံများက ပြောသည်။

လမိုင်းမြို့မှ အိမ်ရှင်မတစ်ဦးက “၁ ယူနစ် ၃၆၀၀ ဆိုတော့ ပိုက်ဆံရှိတဲ့အိမ်ကမထူးဆန်းတော့ဘူးဆိုပေမဲ့လည်း ကျွန်မတို့လိုနိုင်ငံခြားဝင်ငွေလည်းမရှိ။ ဒီနိုနိုင်ငံကလခနဲ့ပဲဆိုတော့ အဆင်မပြေဘူး။ အမှန်တိုင်းဝန်ခံရရင် ယူနစ်နှုန်းနည်းတဲ့ အစိုးရမီးကို ပိုလိုလားတယ်။” ဟု ဆိုသည်။
စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် လျှပ်စစ်မီးခ တိုးမြှင့်ခဲ့သော်လည်း စက်သုံးဆီဈေးပြန်လည်ကျဆင်းလာသည့်တိုင် မီးခနှုန်းထား လျှော့ချပေးခြင်း မရှိခဲ့ဖူးကြောင်း ဆိုသည်။
လက်ရှိတွင် ရေးမြို့နယ်ကို အစိုးရလျှပ်စစ်မီး ပြန်လည်ချိတ်ဆက်ပေးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် လျှပ်စစ်မီးရရှိချိန် မမှန်ကန်သော်လည်း မီတာခသက်သာသည့် အစိုးရလျှပ်စစ်မီးကို ပိုမိုလိုလားသည့် ဒေသခံများ၏ စကားသံများလည်း ပေါ်ထွက်လာသည်။
၎င်းအပြင် ရေးဒေသခံများ နေ့စဉ်ကြုံတွေ့နေရသည့် လျှပ်စစ်မီးခ ကြီးမြင့်မှုပြဿနာကို လူထုကိုယ်စားပြု မွန်လွှတ်တော်အမတ်များအနေဖြင့် ထိရောက်သည့် ဖြေရှင်းမှုများ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။
“ မဲပေးထားတဲ့ မွန်လွတ်တော်အမတ်တွေ ပါးစပ်ဟပေးရင် ရေးပြည်သူတွေ မီးရရှိဖို့က လွယ်လွယ်လေးပါပဲ။ အခုရေးဒေသခံတွေ မီးတာခဘယ်လိုဈေးကြီးပေးနေလဲ။ ဘယ်လိုအခက်ခဲရှိနေလဲ ဆိုတာကို ရေးမြို့နယ်ကိုယ်စားမွန်လွတ်တော်အမတ်တွေ အပြောင်းလဲတစ်ခုလုပ်သင့်ပြီးလို့ ကျနော်မြင်တယ်။” ဟုဆိုသည်။
ရေးမြို့နယ်သို့ လျှပ်စစ်မီးပြန်လည်သွယ်တန်းနိုင်ရေးအတွက် လုံခြုံရေးယူပေးရန် စစ်ကော်မရှင်က လိုက်လံညှိနှိုင်းမှုများလုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိမြေပြင်တွင် လျှပ်စစ်မီးပြန်လည်သွယ်တန်းမည့် အခြေအနေမရှိသေးသလို တရားဝင်ထုတ်ပြန်ချက်လည်း မရှိသေးကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သူများက ပြောသည်။
စစ်ကော်မရှင်လက်အောက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ၂၀၂၈ ခုနှစ်အတွင်း လျှပ်စစ်မီး ပြန်လည်ပေးဝေနိုင်ရန် ရည်မှန်းထားသော်လည်း လက်ရှိတွင် ဒေသခံများသည် မြတ်သူရ၊ SMD၊ SEGEP နှင့် ငွေစန်းလာကုမ္ပဏီတို့ကဲ့သို့ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီများကိုသာ အားကိုးနေရဆဲဖြစ်သည်။




