Homeသတင်းပြည်တွင်းထွက်ကုန်များ ဈေးနှုန်းအဆမတန် မြင့်တက်နေသဖြင့် ကုန်ပစ္စည်းအချို့ကို အရောင်းဝယ်ရပ်ထား

ပြည်တွင်းထွက်ကုန်များ ဈေးနှုန်းအဆမတန် မြင့်တက်နေသဖြင့် ကုန်ပစ္စည်းအချို့ကို အရောင်းဝယ်ရပ်ထား

-

မွန်ပြည်နယ်တွင် ပြည်တွင်းထွက်ကုန်များ ဈေးနှုန်း အဆမတန်မြင့်တက်လာနေပြီး ကုန်ပစ္စည်းအချို့ကို အရောင်းဝယ်ရပ်နားထားရကြကြောင်း ကုန်စုံဆိုင်နှင့် ဝယ်ယူစားသုံးသူများက ပြောသည်။

လက်ရှိတွင် ဆန်၊ ဆီ၊ ကြက်သွန်၊ အသားငါးနှင့် အခြေခံစားသောက်ကုန်များအပြင်နေ့စဉ်အသုံးပြုရသည့် လူသုံးကုန်ပစ္စည်းများပါ အပတ်စဉ်နီးပါး  ဈေးနှုန်းအဆမတန် မြင့်တက်လာနေခြင်း ဖြစ်သည်။

တစ်ပိဿာကျပ် ၂၀၀၀၀ ကျော်အထိ ဈေးမြင့်တက်နေသည့် ကြက်သွန်နီနှင့် အခြား စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူသူမရှိမည်ကို စိုးရိမ်သဖြင့် ရောင်းချမှု ရပ်နားထားရကြောင်း သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းတွေက တစ်ရှိန်ထိုးကို တက်သွားတာ။ အရင်ကတော့ ထိုင်းကုန်ပစ္စည်းတွေကို ကန့်သတ်ပိတ်ပင်လိုက်လို့ ဈေးတက်တာက တစ်မျိုးပေါ့။ အခုကပြည်တွင်းထွက်ပစ္စည်းတွေလည်း အဆမတန်ကို ဈေးတက်နေတာ။ တချို့ကုန်ပစ္စည်းတွေဆိုဈေးဆိုင်တွေက မရောင်းတော့ဘူး။ ဈေးက အဆမတန်မြင့်တက်နေတော့ ဝယ်သူမရှိမှာစိုးလို့ မရောင်းကြတော့တာ" သူက ဆိုသည်။

ပြည်တွင်း ကုန်ပစ္စည်းဈေးနှုန်း မတည်ငြိမ်မှုဖြစ်နေစဉ် ကုန်ပစ္စည်းအသစ်များ ပြန်လည်ဝယ်ယူဖြည့်တင်းခြင်းများ မလုပ်ဆောင်ကြတော့ဘဲ ဈေးဆိုင်နှင့် ရှိပြီးသားပစ္စည်းများကိုသာ ရောင်းချနေရပြီး အချို့ကုန်စုံဆိုင်များတွင်လည်း ယာယီပိတ်သိမ်းထားရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ မွန်ပြည်နယ်တွင် ဝက်သားတစ်ပိဿာ ၃၀၀၀၀ ကျပ်၊ တောကြက်သားတစ်ပိဿာ ၃၅၀၀၀ ကျပ်နှင့် ကြက်မာတစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀၀ ကျော်အထိ အခြေခံစားသောက်ကုန်များ မြင့်တက်လာနေသည်။

မုဒုံမြို့နယ်မှာ ဈေးဆိုင်ပိုင်ရှင်တစ်ဦး “ဆန်တွေဆို ဈေးက ပိုတက်တယ်။ မြတံဆိပ်ဆန် တစ်အိတ်ကို အရင်ကတော့ တစ်သိန်းနဲ့ငါးသောင်းပဲ ရှိတယ်။ အခုက နှစ်သိန်းနဲ့ငါးသောင်း ဖြစ်သွားပြီ။ မြန်မြန်ဆန်ဆန်နဲ့ ဈေးက တစ်သိန်းလောက် တက်သွားတယ်။ ” ဟု ၎င်းက ပြောသည်။

အလားတူ မော်လမြိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မွန်လူငယ်တစ်ဦးကလည်း ကုန်ပစ္စည်းများ ရှားပါးလာခြင်းနှင့် မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ယခုကဲ့သို့ အဆမတန်မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“ဘာပစ္စည်းပဲဖြစ်ဖြစ် တော်တော်ကို ရှားလာတယ်။ ပစ္စည်းက ရတဲ့အခါမှ ရတယ်။ မရတဲ့အခါကျရင် မရဘူး။ ပြောရရင် ဝယ်ချင်တဲ့အချိန်တိုင်း ရနေတာ မဟုတ်ဘူး။ ဈေးကလည်း တစ်နေ့တစ်နေ့ တက်တက်လာနေတယ်။ ပြီးတော့ ငွေတစ်သိန်း၊ နှစ်သိန်းလောက်က ဘာမှလုပ်လို့ရတာ မဟုတ်ဘူး” ဟု အထက်ပါလူငယ်က ပြောသည်။

ထို့အပြင် ကုန်ပစ္စည်းဈေးနှုန်းများ တစ်ရှိန်ထိုးမြင့်တက်လာသော်လည်း အခြေခံလက်လုပ်လက်စားများ၏ လုပ်ခလစာနှင့် ဝင်ငွေများမှာ သိသာစွာ
တိုးတက်လာခြင်းမရှိသည့်အတွက် အခြေခံစားသောက်ကုန်များကိုပင် ပုံမှန်ဝယ်ယူစားသောက်နိုင်ခြင်း မရှိတော့ဘဲ လိုအပ်သည့်ပစ္စည်းများကိုသာ ချင့်ချိန်ဝယ်ယူနေရကြောင်း ၎င်းက ဆိုသည်။

တစ်ဖက်တွင်လည်း ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် စစ်ကော်မရှင်ဗဟိုဘဏ်က ဘီလာရုစ်နိုင်ငံထံမှ ကျပ် ၂ ဒသမ ၁ ထရီလီယံအထိ ချေးယူမည့်အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် ထိုင်းဘတ်နှင့် အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးဈေးနှုန်းများ မြင့်တက်လာကာ မြန်မာကျပ်ငွေတန်ဖိုးလည်း သိသာစွာ ကျဆင်းလာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေ စီးပွားရေး အကျပ်အတိုင်းနှင့် ကြုံတွေ့နေရချိန် စစ်စေခေါင်းဆောင် မင်းအောင်လှိုင်က လက်အောက်ခံ ဂိတ်များ၏ တရားမဝင် ငွေကောက်ခံမှုများကို ဝန်ခံသော်လည်း ထိရောက်သည့် အရေးယူမှု မဆောင်ရွက်သည့်အပြင် ပြည်သူနှင့် မတရားမှုများကို တော်လှန်နေသူများကြောင့် အပြစ်လွှဲချ ပြောဆိုမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts