ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အဝေးပြေးလမ်းမကြီးပေါ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး တင်ဆောင် မောင်းနှင်လာသည့် ၁၉ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
တက်ခ်ခရိုင်မှ ချွန်ဘူရီဒေသဘက်သို့ အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် မြန်မာနိုင်ငံသား ၁၄ ဦးအား ဗန်ကားဖြင့် တင်ဆောင်လာသည်ဟူသော သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Isuzu MU-7 အမျိုးအစား ဗန်ကားမှာ ပုံမှန်ထက် ပိုမိုလေးလံနေပုံပေါ်ပြီး ကားမှန်များလည်း အရောင်တင်ထားသည်ကို သတိပြုမိခဲ့သောကြောင့် တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်အရ ကားပေါ်တွင် ပုန်းအောင်းနေကြသော မြန်မာနိုင်ငံသား ၁၄ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့တွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင်ခရီးသွားလာခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိပေ။
ကားသမားက ၎င်းကို မြန်မာအမျိုးသားတစ်ဦးက ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ (Messenger) မှတစ်ဆင့် တစ်ခေါက်လျှင် ဘတ် ၅,၀၀၀ ဖြင့် အဆိုပါအဖွဲ့အား ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များထံ ထွက်ဆိုခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားများကမူ စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို ထွက်ဆိုရာတွင် ၎င်းတို့သည် နယ်စပ်သဘာဝလမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ပွဲစားများကို တစ်ဦးလျှင် ဘတ် ၃၅,၀၀၀ စီ ပေးချေခဲ့ရကြောင်း သိရသည်။
ယာဉ်မောင်းမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရခြင်းမှ ရှောင်လွှဲနိုင်ရန် ကူညီပေးခဲ့မှုဖြင့် စွဲချက်တင်ခံရမည်ဖြစ်ပြီး၊ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသား ၁၄ ဦးမှာလည်း တရားမဝင် ဝင်ရောက်မှုနှင့် နေထိုင်မှုတို့ဖြင့် စွဲချက်တင်ခံရမည် ဖြစ်သည်။
ကိုးကား-Khaosod English




