ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ကော့ကရိတ်နှင့် ကျုံးဒိုးအခြေစိုက် စစ်ကော်မရှင်တပ်များက ကော့ကရိတ်မြောက်ပိုင်းရှိ မြပတိုင်နိုင်၊ ကွီမောင်တိုင်၊ ဝိဇ္ဇာကုန်းနှင့် နောင်တလာကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည်။
စစ်ကော်မရှင်တပ်က မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု အပြင် ဝင်ရောက်တပ်စွဲမှုလည်းရှိနေသဖြင့် ကော့ကရိတ်မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံအများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“မြောက်ပိုင်းဘက်မှာတော့ စကစဘက်က နေရာတော်တော်များများ ယူထားတယ်။ အဲဒါကြောင့် ရွာသူ၊ ရွာသားအများစုက ရွာမှာ မနေကြဘူး။ တချို့က တောင်ပိုင်းဘက်ကို လာပြောင်းနေကြတာ များတယ်။ တချို့ကလည်း ထိုင်းရောက်ကုန်ကြတယ်ပေါ့။ အဲဒါကြောင့် ရွာတွေမှာ လူသိပ်မရှိတော့ ထိခိုက်သေဆုံးတာ သိပ်မရှိတော့ဘူး။ ဒါပေမဲ့ နေအိမ်တွေတော့ ခဏခဏ ထိတယ် ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝိဇ္ဇာကုန်းကျေးရွာကို ကျုံးဒိုးအခြေစိုက် စစ်ကော်မရှင်တပ်ရင်းက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။
အလားတူ နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း မြပတိုင်နိုင်ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
အကြမ်းဖက်စစ်တပ်၏ ဒရုန်းနှင့် ဗုံသီးများသည် ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များပေါ်သို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး နေအိမ်နှင့် အဆောက်အအုံအချို့ ထိမှန်ပျက်စီးခဲ့ရသည်။
စစ်ကော်မရှင်တပ်က တော်လှန်ရေးပူးပေါင်းတပ်များ လှုပ်ရှားမှုရှိသည့် ကျုံးဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက် အနီးတစ်ဝိုက်ကျေးရွာများကို ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တစ်ဖက်တွင် ကော့ကရိတ်တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြရန် ဒေသတွင်း စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့က မကြာခဏ ခေါ်ယူပြောဆိုလျက်ရှိကြောင်း သိရသည်။
စစ်အုပ်စုမှ ၎င်းတို့တပ်စွဲ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် စစ်ဘေးရှောင် ဒေသခံများ နေရပ်ပြန်နိုင်ရေး ခက်ခဲနေကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်များအရ သိရသည်။



