Home သတင်း KNU ကို အင်အားအလုံးအရင်းဖြင့် စစ်အုပ်စု ထိုးစစ်ဆင်နေ

KNU ကို အင်အားအလုံးအရင်းဖြင့် စစ်အုပ်စု ထိုးစစ်ဆင်နေ

စစ်အုပ်စုသည် ၎င်းတို့ ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်ရယူနိုင်ရေး တပ်အင်အားအလုံးအရင်းဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေကို ထိုးစစ်ဆင်နေသည်ဟု စစ်ရေးအကဲခတ်များက ပြောသည်။

လက်ရှိတွင် KNU တပ်မဟာ ၅ ဖာပွန်နှင့် မြဝတီတောင်ပိုင်းဒေသရှိ ဖလူး၊ မင်းလက်ပံဒေသနှင့် KNU တပ်မဟာ ၁ ကျိုက်ထိုမြို့နယ်အတွင်းကို စစ်အုပ်စုက ထိုးစစ်ဆင်နေသည်။

စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က “မွန်၊ ကရင်၊ တနင်္သာရီပေါ့နော် ဘယ်လို ပြောရမလဲဆိုတော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေနဲ့ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေဆိုပြီးတော့ ပြောရမှာပေါ့နော်၊ အဲဒီနယ်မြေတွေမှာ ကြည့်မယ်ဆိုရင် နယ်မြေပြန်ရဖို့ ထိုးစစ်ဆင်နေတာ နှစ်နေရာ ကြီးကြီးမားမားရှိတယ်ပေါ့နော်၊ အဲဒါက ဘာလဲဆိုတော့ ဖာပွန် တပ်မဟာ ၅ နယ်မြေနဲ့ မြဝတီတောင်ပိုင်း ဖလူး၊ မင်းလက်ပံ ဒေသပေါ့နော်၊ ကျန်တဲ့ နေရာတွေမှာတော့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းတွေလောက်ကိုပဲ ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတဲ့ အနေအထားမျိုးပဲ တွေ့ရတယ်ပေါ့နော်” ဟု IMNA သို့ ပြောသည်။

အလားတူ ကမ်းရိုးတန်းဒေသများဖြစ်သော‌ ကော့သောင်း – ထားဝယ် – မြိတ် – မော်လမြိုင် – ရန်ကုန် လမ်းကြောင်းကိုလည်း ပြန်လည်စိုးမိုးနိုင်ရန် စစ်အုပ်စုက ကြိုးပမ်းနေကြောင်း ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ၏ ရက်ပေါင်း ၃၁ ရက်အနက် ၁၃ ရက်ခန့်တွင် စစ်အုပ်စုက ထိုင်း-မြန်မာနယ်စပ် ဖာပွန်ခရိုင် (မူတြော်ခရိုင်) ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

မြေပြင်တိုက်ပွဲများအတွင်း စစ်အုပ်စု၏ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများနှင့် တိုက်ပွဲမရှိသော စစ်ရေးပစ်မှတ် မဟုတ်သော နေရာများအပေါ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် နယ်စပ်နှစ်ဖက်ရှိ အရပ်သားလူထု၏ နေအိမ်များ ပျက်စီးခဲ့ရပြီး အသက်အန္တရာယ်ဖြင့် ရင်ဆိုင်ခဲ့ရသည်ဟု KNU က ဆိုသည်။

“တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ စကစလည်း အခုက ထိုးတိုင်း လန်နေတယ်၊ point မတိုးဘူး။ တစ်နေတာ” လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်အုပ်စုက KNU အပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

စစ်အုပ်စုက KNU ကို စစ်ရေးအရ ဖိအားပေးသည့် သဘောဖြင့် ထိုးစစ်ဆင်ခြင်းလည်းဖြစ်နိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

“KNU နယ်မြေထဲ ကို လေကြောင်းကနေ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတော့ စောစောလေးက ပြောခဲ့တဲ့ အတိုင်းပေါ့နော်။ အဲ့ဒီ မတိုင်ခင်မှာလည်း NCA မှာ ပြန်ပါလာဖို့ စစ်တပ်ဘက်ကနေ ခေါ်တာလည်း တွေ့ရတယ်။ KNU၊ KNLA ပါ သူတို့ရဲ့ အတုအယောင် ငြိမ်းချမ်းရေးမှာ ပြန်ပါလာဖို့အတွက် စစ်ရေးနဲ့ ဖိအားပေးတဲ့ အနေအထားမျိုးပဲပေါ့နော်။ ဒီအနေအထားမျိုးလို့ပဲ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာပြည်တောင်ပိုင်းဒေသတွင် စစ်အုပ်စုသည် မြို့ပေါ်နေရာများတွင်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အများစုကိုတော့ တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည့်အနေအထားဖြစ်သည်။

စစ်အုပ်စုသည် ထိုင်းစစ်တပ်နှင့် ညှိနှိုင်း၍ နယ်စပ်ဒေသများနှင့် ၎င်းတို့ လက်လွှတ်ထားရသော စစ်စခန်းများ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု သုံးသပ်သူများက ဆိုသည်။

ထိုင်းနိုင်ငံ၊ အာဆီယံ နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ လေယာဉ်သုံး လောင်စာနှင့် လက်နက်များ ရရှိမှုကို ကန့်သတ်ခြင်း အပါအဝင် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်စေရေး ထိရောက်သော ဖိအားပေးမှုများ ပြုလုပ်ပေးရန် KNU က တိုက်တွန်းထားသည်။


Enable Notifications OK No thanks