Homeသတင်းရေးဒေသထွက် ကွမ်းသီးဈေးကောင်းမရ၍ တောင်သူများ ဆက်လက်သိုလှောင်ထား

ရေးဒေသထွက် ကွမ်းသီးဈေးကောင်းမရ၍ တောင်သူများ ဆက်လက်သိုလှောင်ထား

-

မွန်ပြည်နယ်၊ ရေးဒေသထွက် ကွမ်းသီးဈေးကောင်းမရသေးသောကြောင့် တောင်သူများချိန်ဆရောင်းချနေကြပြီး ဈေးကောင်းရနိုင်မည့်အချိန်အထိ သိုလှောင်ထားမည်ဖြစ်ကြောင်း ကွမ်းသီးအဝယ်ဒိုင်နှင့် ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

လတ်တလော ကွမ်းသီးရောင်းချမှုများသောကြောင့် ကွမ်းသီးခြောက်တစ်ပိဿာ ၉၀၀၀ နှင့် ၈၀၀၀ ကျပ် ဝန်းကျင်သာရှိပြီး၊ ကွမ်းသီးအသစ်ကို ၆၀၀၀ ဝန်းကျင်သာ ဈေးသတ်မှတ်ကြသည်ဟု အဝယ်ဒိုင်တစ်ဦးထံမှသိရသည်။

ထို့ကြောင့် အသုံးစရိတ်လိုအပ်သလောက်သာ ရောင်းချ၍ ကွမ်းသီးများကို ဈေးပြန်တက်လာသည်အထိ သိုလှောင်ပြီး ဈေးကွက်လိုအပ်ချက်အရ ကွမ်းသီးဈေးနှုန်းပြန်လည်မြင့်တက်ရန် လုပ်ဆောင်နေရကြောင်း ရေးမြို့ကွမ်းသီးအဝယ်ဒိုင်တစ်ဦးကဆိုသည်။

“အခုရောင်းတဲ့သူများလို့ ဈေးကထိုးကျနေတာ၊ ၁၁ လပိုင်း၊ ၁၂ ကျရင် ဈေးကောင်းမယ်လို့ မှန်းဆတာပဲ၊ အဲ့ကြောင့် သိပ်မရောင်းနဲ့ ထားထားပေါ့ တက်လာနိုင်မယ်။ ကွမ်းသီးအသစ်တွေလည်း မရောင်းနဲ့အုံးပဲ ဈေးကဘာမှ ရှိတာမဟုတ်ဘူး။ တစ်အိတ်စာနှစ်အိတ်စာ အသုံးစရိတ်လောက်ပဲ ရောင်းထုတ်ပေါ့ အဲ့တာမှ ဈေးက အလိုလိုပြန်တက်လာမှာ” ဟု၎င်းကပြောသည်။

အိန္ဒိယနိုင်ငံဘက်သို့ တင်ပို့ခွင့်ကန့်သတ်မှုကြောင့် အခက်အခဲရှိခြင်းနှင့် အခွန်အကောက်များပြားခြင်းတို့ကြောင့် ကွမ်းသီးအဝယ်နည်းပြီး ဈေးနှုန်းကျဆင်းနေသည်ဟုလည်း ဆိုသည်။

ထို့ပြင် ရေးဒေသထွက် ကွမ်းသီးအချို့သည် ကောင်းစွာအခြောက်ခံထားမှုမရှိဘဲ သိုလှောင်ထားသည့်အတွက် အသီးအရည်အသွေးမကောင်းသဖြင့် ဈေးကောင်းမရရှိကြောင်းလည်း ဆိုသည်။

သို့သော် တောင်သူများ နေ့စဉ်အသုံးစရိတ်နှင့် အိမ်ထောင်စု စားဝတ်နေရေးအတွက် သိုလှောင်ထားသည့် ကွမ်းသီးများကို လစဉ်ရောင်းထုတ်နေရသည်ဟု ရေးမြို့နယ်မှ အိမ်ထောင်ရှင်မတစ်ဦးကဆိုသည်။

“မနှစ်က ဈေးနည်းနည်းကောင်းသေးတယ်။ အချို့ဒိုင်ကျတော့ သူတို့ဝယ်တောင်မဝယ်တော့ဘူး၊ ကွမ်းသီးအသစ်ထွက်ရင် ဈေးနည်းနည်းကောင်းလာဖို့ မျှော်လင့်တယ်။ ကွမ်းသီးနုပဲ ခူးတာများကြတယ်။ မနှစ်က လှောင်ထားတဲ့ ကွမ်းသီးနည်းနည်းချန်ထားတာကို လတိုင်းတော့ ရောင်းနေကြတာပဲ၊ အသုံးစရိတ်လိုသလောက်တော့” ဟု၎င်းကပြောသည်။

 လတ်တလော စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေစဉ် ကွမ်းသီးအပြင် ဝဥလည်းဈေးနှုန်းကျဆင်းနေပြီး တစ်ပိသာ ၂၀၀၀ ကျပ်သာ ကျန်ရှိနေသောကြောင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts