Homeသတင်းရော်ဘာရာသီအစတွင် ရော်ဘာတစ်ပေါင် ၄၀၀၀ ကျပ်ကျော်အထိ စျေးကောင်းရနေ

ရော်ဘာရာသီအစတွင် ရော်ဘာတစ်ပေါင် ၄၀၀၀ ကျပ်ကျော်အထိ စျေးကောင်းရနေ

-

မွန်ပြည်နယ်တွင် ရော်ဘာရာသီအစ၌ ရော်ဘာ‌စျေး တစ်ပေါင် ကျပ် ၄၀၀၀ ကျော်အထိ ကောင်းရရှိနေသည်ဟု ရော်ဘာခြံပိုင်ရှင်နှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ရော်ဘာစျေးကွက်တွင် RSS 1 မှိုင်းခံပြား တစ်ပေါင်လျှင် ၄၂၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေပြီး RSS 3 နေလှန်းပြားအဆင့် ရော်ဘာတစ်ပေါင်လျှင် ၃၉၅၀ ဝန်းကျင် ပေါက်စျေး ရှိနေသည်ဟု စုံးစမ်းသိရှိရသည်။

၎င်းပြင် နေလှန်းပြား အထူစျေးလည်း တစ်ပေါင် ၃၂၀၀ နှင့် ၃၅၀၀ အကြား ရှိနေသလို ရော်ဘာစေးအရည်လည်း တစ်ပေါင် ၃၈၀၀ နှင့် ၃၉၀၀ ကျပ်အကြား ရှိနေသည်။

ရော်ဘာစျေးနှုန်းသည် ပြီးခဲ့သည့်နှစ်က တစ်ပေါင် ၂၅၀၀ နှင့် ၃၀၀၀ ကျပ်ဝန်းကျင်အကြား ရှိခဲ့ရာမှ တဖြည်းဖြည်း စျေးတက်လာခဲ့ပြီး ယခုနှစ် ရော်ဘာရာသီအစတွင် စျေးထိုးတက်လာသည်ဟုလည်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောသည်။

ရော်ဘာစျေးကောင်းနေသော်လည်း အလုပ်သမား ရှားပါးခြင်း၊ နိုင်ငံရေးအခြေအနေကြောင့်နှင့် စက်သုံးဆီအခက်အခဲကြောင့် ရော်ဘာခြံရှင်များ ရော်ဘာအစေး မထုတ်လုပ်နိုင်သည့်အခြေအနေရှိနေသည်ဟု ရော်ဘာခြံပိုင်ရှင်တို့က ပြောသည်။

“အလုပ်သမားပြဿနာ၊ အလုပ်သမားရှာမရလို့ အစေးမခြစ်ရတဲ့ ခြံတွေ အများကြီး၊ နောက်ပြီး လုံခြုံရေးအခြေအနေပေါ့၊ ရွာတွေဘက်မှာဆို စစ်သားတွေ ချထားတာရှိတယ်။ မထင်ရင် မထင်သလိုဆွဲနေလို့ ရော်ဘာသွားမခြစ်ရဲဘူး။ စစ်မှူထမ်းလည်း ကြောက်ရတယ်။ ပြီးတော့ ဆီအခက်အခဲ ဆီကလည်း အပြင်မှာ မှောင်ခိုစျေးက တစ်လီတာ ၉၀၀၀/၁၀၀၀ ရှိတယ်။” ဟု သံဖြူဇရပ်ကရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိကာ၊ ဧက ၃ သိန်းကျော် ရော်ဘာထုတ်လျက်ရှိနေသည်။

ရေးမြို့နယ်အတွင်းက ရော်ဘာခြံပိုင်ရှင်တစ်ဦးကလည်း “ရေးဘက်မှာက တိုက်ပွဲလည်း ခနခနဖြစ်တယ်။ စစ်ကြောင်းဝင်တာတွေလည်း ရှိတယ်။ အခြေအနေ ကြည့်ပြီး လုပ်စားရတာပေါ့။ စစ်ကြောင်းဝင်တဲ့သတင်းကြားရင် ခြံမသွားရဲဘူး။ ပြောရရင် တိုက်ပွဲကြား၊ သေနတ်သံကြားက လုပ်နေရတာပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီး မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများကို ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts