Home သတင်း ပုလိန်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပုလိန်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာအနီး အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ပြောပြချက်အရ သိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့မှစ၍ တံခွန်တိုင်ကျေးရွာအုပ်စုရှိ ဇီးဖြူကုန်းစစ်စခန်းသို့ အင်အားဖြည့်တင်းရန် မုဒုံအခြေစိုက် အဘစ်အမြောက်တပ်ရင်းမှ တပ်သားများ အဘစ်-ပုလိန်-တံခွန်တိုင်လမ်းပိုင်းမှတစ်ဆင့် စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပုလိန်ကျေးရွာသို့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းက  ရောက်ရှိလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ဒေသတွင်း မွန်၊ကရင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း NMSP-ADပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

“ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိဘူး။ ရန်သူ့ဘက်က သေချာအတည်ပြုလို့ မရသေးပေမဲ့ သတင်းရရှိချက်အရ ထိခိုက်တာရော၊ သေဆုံးတာရော စုစုပေါင်း ၂၀ နဲ့ ၃၀ ကြားလောက်ရှိမယ်။ တိုက်ပွဲကလည်း ပြင်းပြင်းထန်ထန်ဖြစ်သွားတယ်ဆိုတော့ လက်နက်ကြီးနဲ့ရော၊ လေယာဉ်နဲ့ရော လာကူပစ်နေကြရတာ။ ” ဟု နိုင်ကောင်းစကားက ပြောသည်။

တိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားတစ်ဦးအပြင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ထိခိုက်မှုများသည့် စစ်တပ်ဘက်မှ အင်အားထပ်မံဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်လာနိုင်ခြေရှိနေပြီး ပွင့်လင်းရာသီအတွင်း စစ်ကြောင်းလှုပ်ရှားမှုများ ပိုမိုများနိုင်သဖြင့် ပြည်သူများ စစ်ရေးသတိရှိရန်လည်း နိုင်ကောင်းစကားက သတိပေးပြောဆိုသည်။

“ ပွင့်လင်းရာသီမှာ ရန်သူဘက်က အကြောင်းအမျိုးမျိုးနဲ့ စစ်ကြောင်းလှုပ်ရှားမှုရှိလာမယ်။ လောလောဆယ် ရန်သူဘက်က အင်အားထပ်ဖြည့်တင်းနေတယ်။ အဲတော့ စစ်ရေးသတိရှိကြပါ။ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ လမ်းသွားလမ်းလာရင်း စစ်ကြောင်းနဲ့ မတိုးမိဖို့ သတိထားကြပါ။ ” ဟု ၎င်းက ပြောသည်။

ပုလိန်ကျေးရွာအနီး နှစ်ဖက်စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး တိုက်ပွဲကာလအတွင်း အရပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

နှစ်ဖက်စစ်ရေးမတည်ငြိမ်သေးသည့်အတွက် လုံခြုံရေးအခြေအနေစိုးရိမ်နေရပြီး အဘစ်-ပုလိန်-တံခွန်တိုင်လမ်းပိုင်း ဖြတ်သန်းသွားလာရန် မလွယ်ကူသေးကြောင်းလည်း မြေပြင်တော်လှန်ရေးတပ်နှင့် ဒေသခံများက ပြောသည်။

အဘစ်-ပုလိန်-တံခွန်တိုင်လမ်းပိုင်းသည် မုဒုံ-ဘုရားသုံးဆူဒေသကို ဆက်သွယ်ထားသည့် လမ်းကြောင်းဖြစ်ပြီး စစ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပုံစာ-ပုလိန်တိုက်ပွဲအတွင်း ဆိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ

Enable Notifications OK No thanks