ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၇၀ ကျော် လိုက်ပါလာသည့် ၆ ဘီးတပ် အလုပ်သမားကြိုပို့ယာဉ်တစ်စီး လမ်းဘေးသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Thai Newsroom က ဖော်ပြထားသည်။
နာနတ်သီးစက်ရုံမှ ပြန်လာသည့် မြန်မာလုပ်သားကြိုပို့ယာဉ်သည် အောက်တိုဘာလ ၁၅ ရက် ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က ချွန်ဘူရီခရိုင်၊ ဘိုသောင်မြို့နယ်၊ ဝပ်ဆုဝမ်ကျေးရွာအုပ်စုရှိ လမ်းပိုင်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

နယ်မြေခံ ရဲစခန်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် ခုံတန်းလျားများ တပ်ဆင်ထားသည့် အပြာရောင် ၆ ဘီးတပ် ကားတစ်စီးသည် လမ်းဘေးရှိ မြောင်းထဲသို့ မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့သည်။
ယာဉ်မောင်းဖြစ်သူ၏ ထွက်ဆိုချက်အရ ကားမောင်းနှင်လာစဉ် ဘရိတ်ချို့ယွင်းကာ ဘရိတ်လော့ခ်ကျသွားခဲ့သဖြင့် ယာဉ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လမ်းချော်ကာ မှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားအတွင်း၌ အလုပ်သမားများ ပြည့်ကျပ်စွာ လိုက်ပါလာသဖြင့် ကားမှောက်ချိန်တွင် တစ်ဦးနှင့်တစ်ဦး ဖိမိကာ ဒဏ်ရာရရှိသူ များပြားခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ကားအတွင်း ပိတ်မိနေသည့် မြန်မာလုပ်သားများကို ဝိုင်းဝန်းကူညီ ထုတ်ဆောင်ပေးခဲ့ကြပြီး ဒဏ်ရာရရှိသည့် လုပ်သားလူနာများကို ဘိုသောင်ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသည်။
လက်ရှိတွင် နယ်မြေခံ ရဲတပ်ဖွဲ့က မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်း အသေးစိတ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။



