မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီးလူးကျွန်း) မြို့နယ်၊ ကတောင်စိန်ကျေးရွာတွင် ငွေချေးယူထားသူက ငွေချေးပေးသူကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးဝင်းအောင်ဆိုသူထံကို ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးမျိုးချစ်ဆိုသူက ငွေချေးယူထားပြီး ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ငွေပြန်ပေးဆပ်ရန် ကတောင်စိန်ကျေးရွာ မေတ္တာသီတဂူ တောရကျောင်းသို့ လာရန် ချိန်းဆိုခဲ့သည်။

ဦးဝင်းအောင်က ဇနီးဖြစ်သူ ဒေါ်နီနီလွင်နှင့်အတူ ဦးမျိုးချစ် ချိန်းဆိုထားသည့် နေရာသို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ ကျောင်းမုခ်ဝအရောက်တွင် ဦးဝင်းအောင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဦးဝင်းအောက်သည် ဆိုင်ကယ်ကို မုဒွန်းကျေးရွာဘက်သို့ မောင်းနှင်ပြီး အနီးနားပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ရာမှ ကညှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ဦးဝင်းအောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ညာဘက်ချိုင်းကြားနှင့် ဘယ်ဘက်ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“ငွေကြေးကိစ္စ ဖြစ်တယ်။ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဦးဝင်းအောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတာတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဦးဝင်းအောင်ကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် နေရာအနီးတွင် ပစ္စတိုသေနတ် (၁) လက်နှင့် ကျည်အိမ် (၁) ခု ရှာဖွေ သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ထိုနောက် ဦးဝင်းအောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူဆရသည့် ဦးမျိုးချစ်ကို ရဲတပ်ဖွဲ့က ချောင်းဆုံအရှေ့ရပ်ကွက် ကမ္ဘောဇဘဏ်အနီးတွင် ဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် ဦးမျိုးချစ်ကို ချောင်းဆုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၇ ဖြင့် အမှုဖွင့်အရေးယူထားပြီး စစ်ဆေးလျက်ရှိသည်။



