ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သရက်တောကျေးရွာတွင် လက်နက်ကြီးကျ၍ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးနှင့် ၇ တန်းကျောင်းသူ မြေးအဘွားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများမှ သိရသည်။
အောက်တိုဘာ ၁၂ ရက်နေ့ ည ၉ နာရီကျော်တွင် ဂျိုင်းတံတားဘက်မှ ပစ်ခတ်လာသည့်လက်နက်ကြီး၄ လုံးသည် သရက်တောရွာရှိ နေအိမ်တစ်လုံးသို့ ထိမှန်ခဲ့သည်။
နေအိမ်အမိုးနှင့် ထရံများ ပျက်စီးခဲ့ရသည့်အပြင် အိမ်အတွင်း အိပ်နေသည့် မြေးအဘွားနှစ်ဦးလည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။

သရက်တော ဒေသခံအမျိုးသားတစ်ဦးက “ အခု ဂျိုင်းဘက်ကလက်နက်ကြီးတွေ နေ့တိုင်းနီးပါး ပစ်ခတ်နေတယ်။ ညက ပစ်တော့ မီးတွေတောင် တွေ့သေးတယ်။ သူတို့ အိပ်နေတဲ့အချိန် လာကျသွားတယ်လေ။ ကံကောင်းလို့ အိပ်ယာတည့်တည့်မှာ မကျတာ။ မဟုတ်ရင် ပွဲပြီးပေါ့” ဟု ပြောသည်။
လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မြေးအဘွားနှစ်ဦး ကျုံဒိုးဆေးရုံတွင် ဆေးကုသမှုခံခဲ့ရပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ဖြစ်သည်။
ကမ်းနီး၊ ကော့ကျိုက်၊ သရက်တော၊ကော့ကလော့ ကျေးရွာအနီးတစ်ဝိုက်ကို ဂျိုင်းမြစ်တံတားအနီးရှိ စစ်တပ်အဖွဲ့နှင့် ကျုံးဒိုးမြို့တပ်ရင်းမှ လက်နက်ကြီးဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေပြီး ဒေသခံများ လုံခြုံရေးအခြေအနေ စိုးရိမ်နေရသည်။
ယနေ့အထိ စစ်ဘေးတိမ်းရှောင်သူများ မရှိသော်လည်း သရက်တောရွာအပါအဝင် ကမ်းနီး၊ ကော့ကျိုက်၊ တံတားဦးကျေးရွာရှိ ဒေသခံများ သွားလာလှုပ်ရှားမှု နည်းပါးသွားသည်။
တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်မှုအားကောင်းနေသည့် ကော့ကရိတ်-ကျုံးဒိုးလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်က ကြိုးပမ်းနေသဖြင့် လေကြောင်းရန်မှလည်း စိုးရိမ်နေရသည်ဟု တော်လှန်ရေးသတင်း အရင်းအမြစ်များက ပြောသည်။




