တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာက အပြစ်မဲ့အရပ်သား တစ်ဦးကို စစ်တပ် စစ်ကြောင်းက ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့က သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၉ တပ်ရင်း ပူးပေါင်းစစ်ကြောင်းတို့က သဲချောင်းကြီးကျေးရွာနေ အသက် ၂၁ နှစ်အရွယ် အရပ်သား တစ်ဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါ လူငယ်သည် စစ်တပ် စစ်ကြောင်းရှိနေသည့် စုံစင်ဖျားကျေးရွာဘက် သွားရင်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
သဘာဝဘေးကြုံတွေ့နေရသည့် သရက်ချောင်းမြို့နယ်အတွင်းကို ကယ်ဆယ်ရေးအကြောင်းပြပြီး စစ်တပ်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ပြင်ဖြူကြီးကျေးရွာတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
သဘာဝဘေးအန္တရာယ်ဆိုးကျိုးများ ခံစားရင်ဆိုင်နေရသည့် သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းထိုးနေသည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသည့် ထားဝယ်ဒေသသို့ ကူညီကယ်ဆယ်ရေးများ လွတ်လပ်စွာ သွားလာခွင့်မပြုသည့်အပြင် ကူညီထောက်ပံ့မှုများကို ဝင်ခွင့်မပြုပဲ အနှောင့်အယှက်အမျိုးမျိုးပေးလျက်ရှိသည်ဟု ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – စစ်တပ် သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး




