Homeသတင်းစပါးပိုးအန္တရာယ် ဆိုးဆိုးရွားရွားမရှိသေးသဖြင့် အထွက်နှုန်းကောင်းရန် တောင်သူများမျှော်လင့်

စပါးပိုးအန္တရာယ် ဆိုးဆိုးရွားရွားမရှိသေးသဖြင့် အထွက်နှုန်းကောင်းရန် တောင်သူများမျှော်လင့်

-

မွန်ပြည်နယ်၊ ယခုနှစ် မိုးစပါးရာသီ ရေကြီးနစ်မြုပ်သည့် စပါးဧကများ နည်းသည့်အပြင် စပါးပိုးအန္တရာယ် ဆိုးဆိုးရွားရွားမရှိသဖြင့် အထွက်နှုန်းကောင်းရန် တောင်သူများ မျှော်လင့်နေကြောင်း သိရသည်။

နှစ်စဉ် စပါးစိုက်တောင်သူများသည် ရာသီဥတု၊ စပါးပိုး၊ စိုက်စရိတ်ကြီးမြင့်မှု၊ စက်သုံးဆီမလုံလောက်မှုအပြင် လုပ်သားရှားပါးမှုများနှင့် ရင်ဆိုင်နေရသော်လည်း မိရိုးဖလာ မိုးစပါးလုပ်ငန်းကို ရသမျှနည်းဖြင့် ဆက်လက်လုပ်ကိုင်နေကြသည်။

စပါးဖျက်ပိုးအန္တရာယ်အတွက် ပိုးသတ်ဆေးနှင့် ကာကွယ်ဆေးများကို ငွေကုန်ကြေးကျခံ ကြိုတင်သုံးစွဲခဲ့ရပြီး ထိန်းနိုင်သည့် အခြေအနေတွင်ရှိနေသဖြင့် စပါးအထွက်နှုန်းကောင်းရန် မျှော်လင့်ကြောင်း  မုဒုံမြို့နယ်၊ ထုံမံရွာမှ တောင်သူတစ်ဦးက ဆိုသည်။

“အခု ပိုးနည်းနည်းတော့ကျတယ်။ တစ်ကွင်းလုံးအပြည့် ခါတိုင်းနှစ်အဲ့လိုမဟုတ်ဘူး၊ ပုံမှန် နှစ်လှည်းစာ လောက်ထွက်နိုင်တယ်။ နောက်လဆို ရိတ်လို့ရတော့မှာပဲ၊ နှစ်တိုင်းရှုံး၊ ပိုးသတ်ဆေးမျိုးစုံ ထွန်းယက်နေတာနဲ့ပဲ ၁၆ သိန်းကုန်သွားပြီး၊ အခုဓာတ်ဆီ၊ ဒီဇယ်စုနေတာပေါ့ ”ဟု ၎င်းကပြောသည်။

ယမန်နှစ်က လယ် ၂၆ ဧကတွင် စပါးတင်း ၄၀၀ သာ အတွက်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် အထွက်နှုန်းတိုးရန် လိုအပ်သည့်ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။

လာမည့် စပါးထွက်ချိန်တွင် စပါးဈေးနှုန်းကောင်းပါက အရင်းအနှီးကာမိရန်မျှော်လင့်ကြောင်း မုဒုံမြို့နယ် ကလော့သော့မှ လယ်သမားတစ်ဦးကပြောသည်။

“တော်သလင်းလနဲ့ သီတင်းကျွတ်လပိုင်းတွေမှာဆို စပါးက ၄၀ ၊ ၅၀ ပတ်ချာရှိတယ်။ စပါးထွက်ချိန်ဆို လယ်သမားတွေက ကိုယ်ထုတ်ထားတဲ့အရင်းအနှီးအတွက် ပြန်ဆပ်ရတာရှိသလို အဲ့အချိန်တွေဆို စပါးရောင်းထုတ်လိုက်ရတာ၊ အခြားဝယ်ရတဲ့ ပစ္စည်းတွေလည်း အကုန်မြင့်နေတော့ ဒီလိုပဲ သွားနေရတယ်၊ စက်နဲ့ရိတ်တာဆို စောင့်ရတာကြာတယ်။ ” ဟု ၎င်းကပြောသည်။

တစ်ဖက်တွင်လည်း ဂျိုင်းမြစ်ဒေသဘက်နှင့် ကျိုက်မရောမြို့နယ်ဘက်တို့တွင် လယ်လုပ်ကိုင်သူများ တစ်ဖြည်းဖြည်းနည်းပါးလာပြီး၊ အမြတ်မကျန်သောကြောင့် ရွာနှင့်နီးသည့် လယ်ကွင်းများ၌ လယ်လုပ်သူ ဆယ်ဦး မပြည်တော့ဟု ဒေသခံတစ်ဦးက ဆိုသည်။

လယ်လုပ်ကိုင်သူနည်းပါးသည့် အကျိုးဆက်ကြောင့် ဖလံနှင့်ပိုးမွှားများကျရောက်မှုအန္တရာယ်ကို နှိမ်နင်းရန် ခက်ခဲနေသည်ဟု  ပေါင်မြို့နယ်လယ်သမားတစ်ဦးကဆိုသည်။

“ဖလံပိုးက ဒီနှစ်တော့ ပိုများလာသလိုပါပဲ၊ လယ်တိုင်းမလုပ်ကြတော့ မီးရှို့နှိမ်နင်းဖို့အားနည်းတယ်။ စပါးနှံဖြူများဖြစ်နေတာ မအောင်တော့ဘူး၊ ဆေးဖြန်းတယ် ဒါမဲ့ မထိရောက်တော့သလိုပဲ” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် မိုးစပါး စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ်ဧကပေါင်း ခုနှစ်သိန်းနီးပါးစိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး စပါးတင်ပေါင်း သိန်း ၄၃၀ ကျော်ထွက်ရှိကာ ထွက်ရှိလာသည့် စပါးများကို ဒေသတွင်းမှာ စားသုံးသည့်အပြင် အခြားတိုင်းနှင့် ပြည်နယ်များကို တင်ပို့ရောင်းချကြသည်။

လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလ စပါးလှိုင်လှိုင်ပေါ်ချိန်တွင် စပါးသီးနှံရိတ်သိမ်းပြီးနောက် လေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရန်နှင့် တောင်သူများ ဝင်ငွေတိုးရန်ဆိုကာ သိုလှောင်ကုန်အပ်စနစ်ကို ပူးပေါင်းဆောင်ရွက်ရန် စစ်ကော်မရှင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဖိတ်ခေါ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts