မွန်ပြည်နယ်အတွင်း လျှပ်စစ်မီး ပုံမှန်မရရှိသည့်အပြင် ပြင်းထန်အယ်နီညိုအပူချိန်ကို ရင်ဆိုင်နိုင်ရန် ဆိုလာ (Solar) ဝယ်ယူအသုံးပြုမှု များလာသဖြင့် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း အရောင်းဆိုင်နှင့် တပ်ဆင်ဝန်ဆောင်မှုပေးနေသူများက ပြောသည်။
မိုးရာသီနှောင်းပိုင်း မုတ်သုန်လေဆုတ်ခွာသည့်အချိန်မှစ၍ မွန်ပြည်နယ်၏ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာနေပြီး လာမည့် အယ်နီညိုကာလတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရန် ဆိုလာပြားများကို ကြိုတင်ဝယ်ယူ တပ်ဆင်လာကြသည်။
ထိုသို့ ဝယ်လိုအား မြင့်တက်ခြင်းကြောင့် ပြီးခဲ့သည့် မတ်လအတွင်း ကာလပေါက်ဈေး ငွေကျပ် ၅ သိန်းခွဲခန့်သာ ရှိခဲ့သည့် ၆၀၀ ဝပ် (Watt) အားရှိ ဆိုလာပြားများ လက်ရှိတွင် ငွေကျပ် ၈ သိန်းဝန်းကျင်အထိ သိသိသာသာ ဈေးနှုန်းမြင့်တက်သွားကြောင်း ရေးမှ ဆိုလာတပ်ဆင် ဝန်ဆောင်မှုပေးနေသူ အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “ ကျနော်တို့ ဘက်မှာဆိုရင် ရွာတစ်ဝက်လောက်က ဆိုလာတပ်ထားကြတယ်။ နွေတုန်းကဆို ကျွန်တော်တို့ တပ်ပေးတာ ၄ ချပ်ကို ၈၅ သိန်းလောက်ကျတယ်။ အခုတော့ ၁၁၀ သိန်းအထိ တက်သွားတယ်။ ဝယ်သူတွေများလာရင် ဒီနိုင်ငံရဲ့အကျင့်က သိနေတာပဲ။ ဈေးကတက်တော့တာပဲ။ ” ဟု ရေးမြို့နယ်တွင် ဆိုလာဝန်ဆောင်မှုပေးနေသော အမျိုးသားတစ်ဦးက ဆိုသည်။
အထူးသဖြင့် သက်ကြီးရွယ်အိုနှင့် မွေးကင်းစကလေးများ ရှိသည့်နေအိမ်မိသားစုများနှင့် လုပ်ငန်းသုံး၊ ဆိုင်သုံးနှင့် စာသင်ကျောင်းမျာတွင်းလည်း ဝယ်ယူတပ်ဆင်နေကြသည်။
နေရာဒေသနှင့် ပစ္စည်းတံဆိပ်ပေါ်မူတည်ပြီး ဈေးနှုန်းကွာနိုင်သော်လည်း ဝယ်လိုအားပိုများပြီး ပစ္စည်းအလုံအလောက်မရှိခြင်းကြောင့် ဈေးနှုန်း ဆက်လက် ပိုမြင့်တက်သွားနိုင်ကြောင်း ဆိုလာအရောင်းအဝယ်ဈေးကွက်များမှ သုံးသပ်ထားသည်။
မော်လမြိုင်မြို့ ဆိုလာအရောင်းဆိုင် တာဝန်ခံတစ်ဦးက“အဓိကတော့ ကျွန်တော်တို့ ဒီဝယ်လိုအားများလာတဲ့အပေါ်မှာ supply မလိုက်နိုင်ဘူး။ Demand တအားများလာတယ်ပေါ့နော်။ အဲဒီအခါကျတော့ supplier ဘက်က မလိုက်နိုင်။ မလိုက်နိုင်ရင် ဈေးတွေတက်သွားတယ်။ ဒါက ရောင်းလိုအား ဝယ်လိုအား သဘောတရားပေါ့။” သူက ဆိုသည်။
အပူချိန်လွန်ကဲစွာ မြင့်မားနေသည့် လက်ရှိကာလတွင် ကုန်ကျစရိတ်သက်သာရန် မှာယွင်းသည့်နည်းစနစ်ဖြင့် တပ်ဆင်အသုံးပြုနေသည့်နေအိမ်များ မီးလောင်ပေါက်ကွဲမှုများလည်း ရှိနေသည်။
ထိုကြောင့် သုံးဆွဲသူများအနေဖြင့် ကျွမ်းကျင်သော တပ်ဆင်သူများအား တပ်ဆင်ခိုင်းခြင်း၊ အော်တိုမီးငြိမ်း လုံခြုံမှုစနစ်ရှိသည့် တပ်ဆင်ပစ္စည်းများကို ဝယ်ယူခြင်း၊ ဝန်မပိအောင် သတ်မှတ်ထားသည့် စွမ်းအင်ပမာထက် ပိုမသုံးစွဲခြင်းနှင့် ဘက်ထရီ၊ အင်ဗာတာတို့ကို မကြာခဏ စစ်ဆေးပေးခြင်းတို့ လုပ်ဆောင်ရန်လည်း ဆိုလာဝန်ဆောင်မှုပေးနေသူများက တိုက်တွန်းထားသည်။




