Homeသတင်းဘိုးဘွားရိပ်သာ၌ သံလှောင်အိမ်များဖြင့် ပိတ်လှောင်စောင့်ရှောက်မှု ဖြစ်စဉ် ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

ဘိုးဘွားရိပ်သာ၌ သံလှောင်အိမ်များဖြင့် ပိတ်လှောင်စောင့်ရှောက်မှု ဖြစ်စဉ် ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

-

ထိုင်းနိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာတာရှည်ဝေဒနာရှင် စောင့်ရှောက်ရေးဂေဟာတစ်ခုတွင် ခုတင်များကို သံလှောင်အိမ်များဖြင့် ပိတ်လှောင်ထားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေချိုးဖောက်မှု ရှိမရှိ အာဏာပိုင်များနှင့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ရဲတပ်ဖွဲ့တို့က ဝင်ရောက်စစ်ဆေး လျက်ရှိသည်။

အဆိုပါ ဂေဟာတွင် (၂) နှစ်ခွဲကျော်ကြာ နေထိုင်ခဲ့ရသည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက ထိုင်းရုပ်သံ အစီအစဉ်တစ်ခုဖြစ်သည့် Hone Krasae သို့ သွားရောက်ကာ အကူအညီတောင်းခံခဲ့ရာမှ ယင်းဖြစ်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

မိမိ၏သဘောဆန္ဒမပါဘဲ သားဖြစ်သူနှင့် မရီးဖြစ်သူတို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ခြင်းခံရသည့် အဆိုပါဂေဟာတွင် နေထိုင်စဉ်အတွင်း ကိုယ်ထိလက်ရောက် စော်ကားခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းအပြင် ဆေးဝါးများကို အတင်းအကျပ် သောက်သုံးခိုင်းခြင်းများ ကြုံတွေ့ခဲ့ရကြောင်း တိုင်ကြားထားသည်။

တိုင်ကြားချက်နှင့် ပတ်သက်၍ CIB မှ တာဝန်ရှိသူများနှင့် Hone Krasae အဖွဲ့သားများက အဆိုပါ စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဂေဟာ၏ အပြင်ဘက် ပတ်ဝန်းကျင်နှင့် လူနေဆောင်များ ပတ်လည်တွင် လှောင်အိမ်သဖွယ် သံဇကာစည်းရိုးများ ခတ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ 

ထို့ပြင် စည်းရိုးအချို့တွင် သံဆူးကြိုးများပါ တပ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုးရွားဆုံးတွေ့ရှိချက်အဖြစ် ဘိုးဘွားများနှင့် ဝေဒနာရှင်များ တည်းခိုရာ အခန်းများအတွင်းရှိ ခုတင်အချို့ကို သံလှောင်အိမ်များ ပြုလုပ်၍ ပိတ်လှောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

စောင့်ရှောက်ရေးဂေဟာအတွင်း ယခုကဲ့သို့ သံလှောင်အိမ်များ တပ်ဆင်ထားရသည့် အကြောင်းအရင်းနှင့် စောင့်ရှောက်ရေး ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဥပဒေချိုးဖောက်မှုများ ရှိမရှိကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုးကား-Khaosod English

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts