Homeသတင်းလေကြောင်းတိုက်ခိုက်ရုံဖြင့် တော်လှန်ရေးကို ဖြိုခွင်း၍ မရ

လေကြောင်းတိုက်ခိုက်ရုံဖြင့် တော်လှန်ရေးကို ဖြိုခွင်း၍ မရ

-

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ ဆုံးရှုံးခဲ့သော နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို စစ်အုပ်စုက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သား ၅၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

AA ထိန်းချုပ်ထားသော မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံအသုံးပြု၍ ထိုးဖောက်ပါက ရရှိနိုင်သည်ဟု စစ်အုပ်စုက ယူဆ၍ တိုက်ခိုက်သော်လည်း လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“လေကြောင်းကို တအားသုံးလိုက်လို့ရှိရင် စစ်မြေပြင်မှာ အနိုင်ရမလားပေါ့၊ အဲလိုပုံစံမျိုးနဲ့ သူတို့က သုံးနေတယ်။ ဒါပေမဲ့ သူတို့ မသိတာ တချက်က ဒီဖက်မှာ တော်လှန်ရေးက ကနဦးကာလကတည်းက သူ့ဟာသူ ခိုးကြောင်ခိုးဝှက် လုပ်တဲ့ကာလမှာတောင်မှ သူတို့ အမြစ်ပြတ်အောင် မဖြတ်နိုင်ခဲ့တာ အခုလို ၁၃ မြို့နယ်၊ ၁၄ မြို့နယ်အထိ ပိုင်လာတဲ့ တော်လှန်ရေးအစိုးရတစ်ပိုင်းဖြစ်လာတဲ့ အနေအထားမှာတော့ ဗုံးဘယ်လောက်ပဲ ကြဲကြဲ သူတို့ ပြန်လာနိုင်ဖို့ဆိုတာတော့ မရှိလောက်တော့ဘူး။ နစ်နာမယ်၊ နောက်နစ်နာတဲ့ဟာတွေ စီမံကိန်းနဲ့ ဖော်လာမယ်၊ သူတို့ လာနိုင်ချေတော့ မရှိလောက်တော့ဘူး။ သူတို့က လေကြောင်းနဲ့ ပစ်လိုက်လို့ရှိရင် သူတို့ ဝင်လာလို့ ရမယ်လို့ ထင်တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ အောက်ခြေစစ်သားတွေက သန္ဓေခိုင်တဲ့ စစ်သားတွေ မပါတော့ဘူးလေ” ဟု ၎င်းက ပြောသည်။

ကျောက်တော်မြို့နယ် အိန္ဒိယစျေးဗုံးကြဲခံရမှုအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်အတွင်း အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိကြောင်း ISP Myanmar က စက်တင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် ၅ လတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်အုပ်စုသည် ပြည်သူ့စစ်မှုထမ်းဥပဒေအရဟုဆိုကာ အဓမ္မတပ်သားသစ်များစုဆောင်း၍ စစ်ရေးဖော်ဆောင်နေသော်လည်း ထိရောက်မှု မရှိတာကြောင့် တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားသော ဒေသရှိ ပြည်သူများကို ဦးတည်တိုက်ခိုက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်အေးလွင်က ပြောသည်။

“လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်။ အများစုကလည်း တော်လှန်ရေး ရဲဘော်တွေဘက် ထိခိုက်မှုက အတော်နည်းပါတယ်။ တကယ့်တကယ်တမ်းတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုပဲ ထိခိုက်ပြီးတော့ ပြည်သူကိုပဲ နည်းပေါင်းစုံနဲ့ ပိုပြီးတော့ ဖိအားပေးတာပေါ့ဗျာ၊ ဥပမာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဖြစ်စဉ်ဆိုရင်တော့ ရခိုင်ဖက်ကို ပြည်သူတွေကို ကြောက်လှန့်မှုတွေနဲ့ ULA/AA ရဲ့ အုပ်ချုပ်မှုအောက်မှာနေရင် ဒီလိုဖြစ်မယ်ဆိုတဲ့ Messages တွေ ပေးချင်တာလားတော့ မပြောတတ်ဘူး။ အဲလိုမျိုး ဖိအားပေးတာ ရှိတယ်။ ဗမာပြည်အလယ်ပိုင်းမှာလည်း အဲလိုမျိုး ဖိအားပေးမှုတွေ လုပ်နေတာ ရှိတယ်။ မြေပြင်မှာလည်း အဲလိုမျိုး ဝါဒဖြန့်မှုတွေ ရှိတာပေါ့ဗျာ” ဟု ပြောသည်။

စစ်အုပ်စု၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ပိုမိုဦးတည်နေပြီး မကွေးတိုင်းကို အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ တိုက်ခိုက်မှု စုစုပေါင်း ၃၂၂ ကြိမ်ထက်မနည်းအထိရှိသည်ဟု ISP Myanmar ၏ ဖော်ပြချက်အရ သိရသည်။

အလားတူ ချင်းပြည်နယ်အတွင်း ၃၀၁ ကြိမ်ထက်မနည်း ရှိခဲ့သလို စစ်ကိုင်းတိုင်းအတွင်း ၂၄၂ ကြိမ်အထက်နှင့် ရခိုင်ပြည်နယ်မှာတော့ ၂၂၂ ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု ဆိုသည်။

“စစ်ရဲ့သဘောသဘာဝက ရက်စက်တာခြင်း တူရင်တောင်မှ ယုတ်မာတဲ့သူက ပိုပြီးအားသာတယ် ဆိုတဲ့ ပုံစံမျိုးပေါ့၊ စစ်ပွဲတစ်ပွဲ ဖြစ်လာတာနဲ့ စစ်နိုင်ဖို့အတွက် ဦးတည်တဲ့အခါမှာ စစ်အုပ်စုက ဘာကြောင့် သက်ဆိုးရှည်နေတာလဲ။ သူများ မလုပ်ရဲတဲ့ဟာကို သူတို့ လုပ်ရဲတယ်၊ သတ္တိရှိတာနဲ့ ယုတ်မာတာနဲ့ မတူဘူးလေ။ သူတို့က ယုတ်မာတဲ့ အပိုင်းရှိတော့ ယုတ်မာတဲ့အပိုင်းကလည်း အားသာချက်ဖြစ်နေတယ် သူတို့ စစ်ပွဲမှာ အဲဒါကို သူတို့က ခဏခဏ ကျင့်သုံးတယ်။ ပိုပြီးတော့ ရက်စက်တာခြင်း တူရင်တောင်မှ ယုတ်မာတဲ့သူက စစ်ရေးမှာ အနိုင်ရတယ်ဆိုတဲ့ လော့ဂျစ်ကို ရထားတဲ့အတွက် သူတို့က အဲလော့ဂျစ်တွေနဲ့ စစ်ပွဲ အဆုံးသတ်ခါနီးဖြစ်လာပြီ အားနည်းလာပြီး စစ်မြေပြင်မှာ သူတို့ အရှုံးလာပြီဆိုလို့ရှိရင် ပြည်သူကို လာပြီးတော့ လုပ်တာကတော့ စစ်အုပ်စုရဲ့ ယုတ်မာမှုနဲ့အတူ အားသာချက်တစ်ခု ဖြစ်နေတာပေါ့လေ” ဟု အထက်ပါ စစ်ရေးလေ့လာသုံးသပ်သူက ပြောသည်။

စစ်တပ်အာဏာသိမ်းသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှု ၇,၈၉၉ ခု ရှိခဲ့ပြီး အရပ်သား အနည်းဆုံး ၄,၈၃၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း Blood Money ၏ အချက်အလက်များအရ သိရသည်။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများသည် နယ်မြေအများအပြားကို စစ်အုပ်စုထံက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ၎င်းတို့ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts