မွန်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ဓာတ်ဆီဈေးနှုန်း ထပ်တက်လာပြီး တစ်လီတာ ၅၀၀၀ ကျပ်နီးပါး ဖြစ်လာသည်ဟု သုံးစွဲသူတို့ထံမှ သိရသည်။
အောက်တိုဘာလ ၂ ရက်နေ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းအရ မွန်ပြည်နယ်တွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၄,၈၀၀ ကျပ်နှင့် ၉၅ တစ်လီတာလျှင် ၄,၉၈၅ ကျပ် စျေးတက်လာပြီး၊ ပြီခဲ့သည့်လနှင့် ယှဉ်လျှင် တစ်လီတာ ၁၀၀ ကျပ်ကျော် ထပ်တက်လာသည်။
အလားတူ ဒီဇယ်ဆီစျေးလည်း ယခင်ရည်ညွှန်းဈေးနှုန်းနှင့် ယှဉ်လျှင် တစ်လီတာ ၂၀ ကျပ်နှင့် ၃၀ ကျပ်ကြား စျေးတက်သွားသည်။

“ဓာတ်ဆီတွေက တစ်လီတာ ၅၀၀၀ နီးပါး တက်သွားတယ် အခု။ ဝယ်ရတာ တလောကလို မခက်ခဲတော့ပေမဲ့ စျေးက တက်လာတယ်။ ဆီစျေးတက်တော့ တခြား စရိတ်စကတွေလည်း စျေးလိုက်တက်လာမယ်” ဟု သုံးစွဲသူတစ်ဦးက ပြောသည်။
စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓာတ်ဆီနှင့် ဒီဇယ်ဆီစျေးနှုန်းသည် ရန်ကုန်၊ ဘားအံ၊ ပဲခူး၊ ထားဝယ် အစရှိသည့် အခြားသော တိုင်းနှင့် ပြည်နယ်အချို့ထက် စျေးနှုန်းပိုမို မြင့်မားနေဆဲဖြစ်သည်။
မွန်ပြည်နယ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်း၏ ပြောဆိုချက်အရ မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းသည့် Importer များသည် ရန်ကုန်၊ သီလဝါဆိပ်ကမ်းရှိ Importer များကဲ့သို့ နိုင်ငံခြားငွေ ရရှိခြင်းမရှိသဖြင့် ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရသည်။
ထို့အပြင် သတ်မှတ်ဈေးနှုန်းဖြင့် ဒေါ်လာဝယ်ယူခွင့်မရဘဲ ပြင်ပဈေးကွက်နှုန်းနှင့် နီးစပ်သည့်ဈေးဖြင့် နိုင်ငံခြားငွေ ဝယ်ယူနေရခြင်းသည် မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်း မြင့်မားရသည့် အကြောင်းရင်းတစ်ခုဖြစ်နေသည်။
ပြည်နယ် စစ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း ကျဆင်းရေးအတွက် နည်းလမ်းရှာဖွေ၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း လွှတ်တော်တွင် ပြောဆိုထားသည်။
သို့သော် စက်သုံးဆီဈေးနှုန်း မြင့်မားရခြင်း အကြောင်းရင်းဖြစ်သည့် ရန်ကုန် သီလဝါဆိပ်ကမ်းမှ မွန်ပြည်နယ်အတွက် စက်သုံးဆီ ပြန်လည်ဝယ်ယူခွင့် ရရှိရေးနှင့် ပတ်သက်၍ လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ၎င်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားထားသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွက် စက်သုံးဆီးကို မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတဆင့် ဖြန့်ဖြူးရောင်းချနေပြီး Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က လုပ်ကိုင်ခွင့် ရရှိထားသည်။




