Homeသတင်းတောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် ရွေ့ပြောင်းလုပ်သား မွန်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် ရွေ့ပြောင်းလုပ်သား မွန်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

-

ထိုင်းနိုင်ငံ၊ ချာချိုင်ဆောင်ခရိုင်၊ ထာတကီယပ်မြို့နယ်၊ အာင်စီယာဒမ်ကျေးရွာအနီး ရာဘာခြံတစ်ခုအတွင်း တောဆင်ရိုင်း တိုက်ခိုက်မှုကြောင့် ရွေ့ပြောင်းလုပ်သား မွန်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ လွတ်လာသည်ဟုယူဆရသည့် ဆင်ရိုင်းတစ်ကောင်သည် အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၇ နာရီကျော် အာင်စီယာဒမ်ကျေးရွာအနီးရှိ ရာဘာခြံတစ်ခုအတွင်း ဝင်ရောက်လာပြီး  ခြံအတွင်း အလုပ်လုပ်နေသူ အမျိုးသမီးကို နှာမောင်းဖြင့် လိုက်လံတိုက်ခိုက်မှု ဖြစ်ခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတွင် ခြေထောက်၊ တင်ပါးအပါအဝင် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

" ဆင်က နှာမောင်းနဲ့ပတ်ပြီး ရာဘာပင်နှစ်ပင်ကြားကို ပစ်ထုတ်တာ။ အားနဲ့ဆိုတော့ ဒဏ်ရာရသွားတယ်။ ရာဘာစေးသိမ်းတာ အတော်ကြာပျောက်နေလို့ သူ့အမေ လိုက်ရှာမှ လှဲကျနေတာကို တွေ့သွားတာ” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရှိသူ အမျိုးသမီးသည် အသက် ၂၆ နှစ်အရွယ်ရှိပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဗိုလ်ကတော် ကျေးရွာဇာတိဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမျိုးသမီးအား ချာချိုင်ဆောင်ဆေးရုံတွင် ဆေးကုသခွင့် ပေးထားရပြီး အကူအညီလည်း လိုအပ်နေကြောင်း ဆိုသည်။

“အမှန်ဆို ခြံရှင်က လျော်ကြေးပေးရမယ်လေ။ အခုက ခြံရှင်က ဘတ်တစ်သောင်းပေး ပြီး မသိသလို နေလိုက်တယ်။ အဲဒဏ်ရာတွေကို ကုသဖို့ ငွေတော်တော်ကုန်တော့၊ ပိုက်ဆံလည်း လိုနေတာ။ ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယခုတိုက်ခိုက်ခံရမှုဖြစ်ပွားရာနေရာသည် ထိုင်းနိုင်ငံ၏ အရေးပါသည့် (ခေါဝ်အန့်ရူးနိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) နယ်နိမိတ်နှင့် နီးစပ်နေသဖြင့် စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန်တားမြစ်ထားကြောင်းလည်း သိရသည်။

ဘေးမဲ့တောမှ တောဆင်ရိုင်းများသည် နယ်နိမိတ်ပြင်ပရှိ စိုက်ပျိုးခြံများ၊ ကျေးရွာများနှင့် လမ်းမများပေါ်သို့ အစားအစာရှာဖွေရန် ခကြာခဏ ဝင်ရောက်လေ့ရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့ကလည်း ချွန်ဘူရီခရိုင်၊ နောင်ယိုင်မြို့နယ်၊ ရာဘာခြံအတွင်း တောရိုင်းဆင်နင်းမိမှုကြောင့် ထိုင်းလူမျိုး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသေးသည်။

ထိုကြောင့် တောရိုင်းဆင်အန္တရာယ်ဖြစ်ပွားလေ့ရှိသည့် ဒေသတွင် နေထိုင်သူများအနေဖြင့် အလုပ်လုပ်ကိုင်ရာတွင် အထူးသတိပြုကြပါရန် ထိုင်းအာဏာပိုင်များက ထိုင်းသတင်းများတွင် သတိပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts