Homeသတင်းတစ်ပတ်ကြာ ရေကြီးနစ်မြုပ်နေသည့် တနင်္သာရီမြို့နယ်တွင် ရေးအနည်းငယ်ပြန်ကျ

တစ်ပတ်ကြာ ရေကြီးနစ်မြုပ်နေသည့် တနင်္သာရီမြို့နယ်တွင် ရေးအနည်းငယ်ပြန်ကျ

-

တစ်ပတ်ကြာ ရေကြီးနစ်မြုပ်မှုဖြစ်နေသည့် တနင်္သာရီမြို့နယ်တွင် ရေးအနည်းငယ်ပြန်ကျလာသော်လည်း စိုးရိမ်ရေအမှတ်ထက် ၂ ပေ ကျော်တွင် ရှိနေဆဲဖြစ်ကြောင်း  မြေပြင်ကူညီကယ်ဆယ်သူနှင့် တော်လှန်ရေးသတင်းအရင်းမြစ်များက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း စက်တင်ဘာ ၂၇ ရက်နေ့မှစ၍ မြစ်ရေမြင့်တက်မှုကြောင့် ရေ အမြင့်ပေ ၃၀ ခန့်အထိ ရောက်ရှိကာ  ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့ရသည်။

မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၏ အချက်အလက်အရ တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်နေသည့် ကျေးရွာ ၅၁ ရွာမှ အိမ်ခြေစုစုပေါင်း ၄,၇၁၀ အိမ် ရေလွှမ်းမိုးခြင်းခံနေရသည့်အပြင် စာရင်းမကောက်ယူနိုင်သည့် ကျေးရွာအများအပြားလည်း ကျန်ရှိနေသေးကြောင်း ဖော်ပြထားသည်။

ရေဘေးကြောင့် အသက်အန္တရာယ် ထိခိုက်မှုမရှိသေးသော်လည်း ရေနှင့် စားနပ်ရိက္ခာပြတ်တောက်မှု၊ ရာသီဥတုအပူရှိန်တို့ကြောင့် ပြည်သူများ ကျန်းမာရေးထိခိုက်မှုများ ရှိလာနေသည်ဟု မြေပြင်ကူညီကယ်ဆယ်နေသူတစ်ဦးက ဆိုသည်။

“ ရေက နည်းနည်းပြန်ကျနေပြီး အစက ပေ ၃၀ အထိ တက်သွားတာ။ နှစ်ထပ်အိမ်က နည်းနည်းမြင်နေရင် နေလို့ရတယ် အဓိကက သောက်သုံးရေးနဲ့ စားနပ်ရိက္ခာတွေလိုအပ်တာပေါ့ သောက်သုံးရေဆို အရေးကြီးတယ်လေ မီးကလဲမလာတော့ မီးစက်ကိုပဲ အားကိုးနေရတယ်။ ” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ရေဘေးသင့်နေသည့် ကျေးရွာများသည် အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ရန်လည်း ခက်ခဲနေသည်။

မြိတ်ခရိုင်နိုင်ငံရေးအင်အားစုက တနင်္သာရီမြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ဒေသများ ကျေးရွာအချို့ကို သွားရောက်လှူဒါန်းမှုများ ပြုလုပ်ထားပြီး ထပ်မံကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် အခြေခံစားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသကဲ့သို့ ရေပြန်ကျသွားပါကလည်း ဆုံးရှုံးသွားသည့် လယ်ယာ/ဥယျာဉ်ခြံမြေပိုင်ရှင် အိမ်ထောင်စုများ၏ ပြန်လည်ထူထောင်ရေးအတွက် ကူညီမှုများ လိုအပ်နေသည်။

ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း လိုအပ်နေသောဒေသများအတွက်  ကူညီဆောင်ရွက်မှုများကို ချိတ်ဆက်လုပ်ဆောင်ပေးစေလိုကြောင်းနှင့် မြိတ်ခရိုင်နိုင်ငံရေးအင်အားစုမှတဆင့် ပါဝင်ကူညီ၍ရနိုင်ပါကြောင်း တိုက်တွန်းပြောဆိုထားသည်။

တနင်္သာရီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုမှာ ယခု ၂၀၂၆ ခုနှစ်အတွင်း အနည်းဆုံး ၃ ကြိမ်ထက်မနည်း ရှိလာနေပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့မှ စ၍ ယနေ့အထိ ရေကြီးမှု ထပ်မံဖြစ်ပွားနေဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts