တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာတွင် စစ်မှုထမ်းရန် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် လူငယ် ၂ ဦးနှင့် စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
စစ်မှုထမ်းရန် ဖမ်းဆီးချုပ်နှောင်ခံရသည့် လူငယ် ၂ ဦးသည် ကော့သောင်းမြို့၊ ၂ မိုင်ရပ်ကွက်မှ အသက် ၂၁ နှစ်အရွယ်ရှိ ကျော်မင်းဦးနှင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဇာတိမှ အသက် ၂၄ နှနှစ်အရွယ်ရှိ ကျော်မင်းခန့်တို့က ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို စစ်မှုထမ်းသင်တန်းသို့ မပို့ဆောင်မီ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် စက်တင်ဘာလ ၁၅ ရက်နေ့က ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်သွယ်ကာ သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

“သူတို့က လမ်းကနေ ပေါ်တာအဆွဲခံထားရတယ်ဗျာ။ ပြီးတော့ မလိဝမ်းအုပ်ချုပ်ရေးမှူးရုံးမှာ မတရား ဖမ်းဆီးထိန်းသိမ်းထားတယ်။ အဲမှာ ထိန်းသိမ်းခံရတာက ၂ ရက်လောက် ကြာတယ်။ အဲကနေ ထွက် ပြေးလွတ်မြောက်လာပြီးတော့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီး ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်။ ” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုအပြင် မကွေးတိုင်း၊ နတ်မောက်မြို့ဇာတိ အသက် ၂၉ နှစ်အရွယ်ရှိ အပတ်စဉ် ၂၀ ရွှေပြည်သာ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဇော်ကိုကို ကိုလည်း စက်တင်ဘာလ ၁၀ ရက်နေ့က ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
“ဇော်ကိုကိုကတော့ ၂၀၂၅၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ကော့သောင်း ခလရ ၂၆၂ ကို တပ်ရင်းကို ပို့ခံ လာရတယ်။ ၂၀၂၆၊ သြဂုတ်လ ၉ ရက်နေ့က တပ်ကနေ ထွက်ပြေးခဲ့တယ်။ အခု စက်တင်ဘာလ ၁၀ ရက်နေ့က သူ့ရှိနေတဲ့နေရာကနေ သွားရောက် ကယ်ထုတ်နိုင်ခဲ့တယ်။ လက်နက်တော့ မပါလာခဲ့ ဘူးပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။
၄င်းတို့ ၃ ဦးကို လက်ရှိ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူ့ဂုဏ်သိက္ခာနှင့်အညီ စောင့်ရှောက်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တွန်းလှန်သွားကြမည်ဟု ပြောဆိုထားသည်။
အတင်းအဓမ္မစုဆောင်းခံထားရသည့် စစ်မှုထမ်းသင်တန်းဆင်း လူငယ်များအနေဖြင့်ပြည်သူလူထု ဘက်ကို အမြန်ဆုံး ဘက်ပြောင်းခိုလှုံရန်နှင့် ဘက်ပြောင်းခိုလှုံစဉ် လက်နက်ခဲယမ်းများ ယူဆောင်လာ ပါက သတ်မှတ်ဆုကြေးများကိုပါ ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ကော့သောင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးတိုက်တွန်းခဲ့သည်။




