တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်းလမ်းပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းများ မကြာခဏ နေရာပြောင်းရွှေ့သွားလာနေပြီး ဒေသခံများကိုဖမ်းဆီးရိုက်နှက်ခြင်းနှင့် တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်နေသဖြင့် နေထိုင်သွားလာရေးလုံခြုံမှုမရှိဟု မြေပြင်သတင်းအရင်းမြစ်များက ပြောသည်။
အဆိုပါလမ်းပိုင်းရှိ ကျေးရွာ ၄ ရွာကို စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့မှ ပြီးခဲ့သည့်ဩဂုတ်လ ၂၅ ရက်နေ့မှစပြီး စစ်ကြောင်း သုံးကြောင်းဖြင့် လှုပ်ရှားသွားလာနေပြီး စစ်သားအင်အား ၃၀၀ ခန့်ရှိသည်ဟု သိရသည်။
စက်တင်ဘာ ၁၄ ရက်နေ့က ကျွဲတလင်းကျေးရွာမှ ၂၈၂ တပ်ရင်းသို့ တောလမ်းအတိုင်း ပြန်သွားသည့် စစ်ကြောင်းသည် မိုင် ၆၀ ကျေးရွာရှိ ရော်ဘာခြံတစ်ခြံတွင်နေထိုင်နေသည့် ခြံရှင်မိသားစုထံ ဖုန်းသုံးလုံး သိမ်းယူသွားခဲ့သည်ဟု ကျောက်တလင်းရွာခံတစ်ဦးကပြောသည်။

“ ၁၄ ရက်နေ့ သူတို့စစ်ကြောင်း ပြန်သွားတယ်။ လူချိန်းတာလားတော့မသိဘူး၊ ကျွဲတလင်းဘက် တောလမ်းအတိုင်း သွားပြီးတော့ မိုင် ၆၀ မှာ ခြံပိုင်ရှင်ပဲ ဖုန်းသုံးလုံးသိမ်းလိုက်ပြီး တပ်ရင်းကို ပြန်သွားတယ်။"ဟု ဆိုသည်။
ထို့အပြင် စက်တင်ဘာ ၈ ရက်နေ့တွင် ကျောက်ကဒင်ကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်ဆက်စပ်နေသူဟု စွပ်စွဲ၍ အသက် ၃၀ အရွယ် ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။
“ ကျောက်ကဒင်ရွာသားကို အပြင်အဖွဲ့နဲ့ ဆက်နွယ်နေတာ ရှိတယ်ဆိုပြီး ရိုက်နှက်ထားတာရှိတယ်။ ရွာသားပဲ တော်လှန်ရေးဘက် သွားလာတာမျိုးရှိတာကို သူတို့သိတယ်။မေးတာကို မဖြေတော့ ရိုက်နှက်ထားတယ်။ ” ဟု၎င်းကပြောသည်။
ရာဖူး-ကလိန်အောင်ရွာအပါအဝင် အဆိုပါလမ်းပိုင်းတွင် ကျေးရွာ ၄ ရွာရှိပြီး တစ်ရွာလျှင် သုံးလေးရက်နှုန်းဖြင့် တပ်စွဲနေထိုင်လေ့ရှိသည်။
စစ်ကောင်စီစစ်ကြောင်းများ မကြာခဏတပ်စွဲပြောင်းရွှေ့နေသည့်အတွက် တိမ်းရှောင်နေရသည့်အပြင် အလုပ်ခွင်သို့ သွားလာရန်ပင် ခက်ခဲနေကြသည်။
တနင်္သာရီတိုင်းအတွင်း နယ်မြေစိုးမိုးမှုပြန်ရရန် စစ်အာဏာရှင်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး လူ့အခွင့်အရေးချို့ဖောက်မှုများစွာလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှု ကျဆင်းသွားသော်လည်း လူသတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများ မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးသူ ပိုမိုများပြားလာခဲ့ကြောင်း FE5 တနင်္သာရီမှ အစီရင်ခံစာအရ သိရသည်။




