Homeသတင်းမော်လမြိုင်တွင် အသက်မပြည့်သေးသည့် ကလေးအပါ မူးယစ်ဆေးသုံးစွဲနေသည့် လူငယ်များ ဖမ်းဆီးရမိ

မော်လမြိုင်တွင် အသက်မပြည့်သေးသည့် ကလေးအပါ မူးယစ်ဆေးသုံးစွဲနေသည့် လူငယ်များ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ် ၆ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ နေလယ် ၁၂ နာရီခန့်က မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကလေးနှစ်ဦး အသက် ၁၈ နှစ်နှင့် ၂၁ နှစ်ကြား လူငယ် ၄ ဦးတို့က စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ နီးပါး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲနေကြသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်အာဏာသိမ်း ငါးနှစ်တာကာလအတွင်း လူငယ်များအကြား မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းဝယ် သုံးစွဲလာကြပြီး အသက်မပြည့်သေးသည့် ကလေးသူငယ်များပါ မူးယစ်ဆေးဝါး သုံးစွဲနေကြသည်ဟု ဒေသခံတို့က ပြောသည်။  

“လွယ်လွယ်ကူကူ ဝယ်လို့ရနေတယ်။ ဘားတို့ ကလပ်တို့မှာဆိုရင်လည်း ပေါ်တင်ပဲ သုံးနေကြတယ်။ ဆေးသုံးတာက အခုခေတ်မှာ သာမာန်လိုတောင် ဖြစ်နေတယ်။ ဒါ အမှန်တရားပဲ။ ကျောင်းနေအရွယ်တွေလည်း သုံးနေကြတယ်။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဘယ်လိုကိုင်တွယ်မလဲ။ ပိုပိုပြီး ဆိုးလာတယ်” ဟု လူငယ်တစ်ဦးက ပြောသည်။

လူငယ်များအကြား မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု ပိုများလာသည်ကို စစ်ကော်မရှင် လက်အောင်ခံတို့က နှိမ်နှင်းမည့်အစား မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတို့ထံမှ လိုင်းကြေးယူပြီး ခွင့်ပြုထားသည့်အတွက် အလွယ်တကူနှင့် ဈေးပေါပေါဖြင့် ဝယ်ယူလို့ရနေသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး ရောင်းချသူ အများစုကလည်း စစ်ကော်မရှင်နှင့် နီးစပ်သူများ ဖြစ် ဒေသခံ အများစု မတိုင်ရဲကြသလို တိုင်ကြားပါကလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေက အစ ရှိတာကြောင့် မသိသလိုဘဲ နေနေရတယ်လို့ သိရပါတယ်။

လက်ရှိတွင် လူငယ်များအကြား WY စာသားပါ စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းစာရွက် အစရှိသည့် မူးယစ်ဆေးဝါးများ သုံးစွဲနေကြပြီး စစ်ကော်မရှင်ဘက်က ထိရောက် အရေးယူမှုများ ဆောင်ရွက်ခြင်းမရှိပဲ အခြေအနေ ပိုဆိုးလာသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts