Homeသတင်းထိုင်းနိုင်ငံအတွင်း HIV ကူးစက်မှုအသစ်၏ သုံးပုံတစ်ပုံသည် လူငယ်များဖြစ်နေ

ထိုင်းနိုင်ငံအတွင်း HIV ကူးစက်မှုအသစ်၏ သုံးပုံတစ်ပုံသည် လူငယ်များဖြစ်နေ

-

ထိုင်းနိုင်ငံအတွင်း HIV ကူးစက်မှုအသစ်များ ဆက်တိုက်တွေ့ရှိနေပြီး ပိုးတွေ့လူနာ၏ သုံးပုံတစ်ပုံသည် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များတွင် ဖြစ်နေကြောင်း ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ အချက်အလက်အရ သိရသည်။

ယင်းအခြေအနေကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် AIDS ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် အဆုံးသတ်ရန် ရည်မှန်းထားသည့် ထိုင်းနိုင်ငံအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

HIV ကာကွယ်ရေးနှင့် ကုသရေးကဏ္ဍများတွင် တိုးတက်မှုများ ရရှိထားသော်လည်း HIV ရှိ၊ မရှိ မသိရှိခြင်း၊ HIV နှင့်ပတ်သက်သည့် လူမှုရေးအထင်အမြင်မှားခြင်းနှင့် ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် စစ်ဆေးမှုနှင့် ကုသမှုဝန်ဆောင်မှုများကို လူငယ်အချို့ ရယူရန် အခက်အခဲရှိနေသည်။

ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ အချက်အလက်အရ ၂၀၂၆ ခုနှစ် တတိယသုံးလပတ်အထိ ထိုင်းနိုင်ငံအတွင်း HIV ကူးစက်ခံထားရသူ ၅၆၅,၀၁၈ ဦးကျော် ရှိခဲ့ပြီး ကူးစက်မှုအသစ် ၁၅,၅၇၈ ဦး ရှိခဲ့သည်။

HIV ကူးစက်မှုအသစ်များတွင် အသက် ၂၅ နှစ်မှ ၄၉ နှစ်အရွယ်အုပ်စုက အများဆုံးဖြစ်သော်လည်း အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များသည်လည်း ကူးစက်မှုအသစ်များ၏ သုံးပုံတစ်ပုံအထိ ပါဝင်နေပြီး အထူးသဖြင့် LGBTQ+(လိင်စိတ်ခံယူမှုကွဲပြားသူ)အသိုင်းအဝိုင်းအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ယခင်က တစ်နှစ်လျှင် HIV ကူးစက်မှုအသစ် ၁၀၀,၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယနေ့တွင် နှစ်စဉ်ကူးစက်မှုသည် သောင်းဂဏန်းအထိ ကျဆင်းလာပြီဖြစ်ကြောင်း AIDS Healthcare Foundation (AHF) ၏ ဒါရိုက်တာ ခရစ်တီဆမ် အာယာဝန်ချိုင်က ပြောသည်။

AHF ၏ လုပ်ငန်းခွင်အတွေ့အကြုံများအရ HIV ကူးစက်မှုအသစ်များ၏ ၉၆ ရာခိုင်နှုန်းကျော်သည် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုနှင့် ဆက်စပ်နေပြီး လူအများသည် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု၏ ကျန်းမာရေးအန္တရာယ်များကို သိရှိထားကြသော်လည်း လက်တွေ့တွင် ကြိုတင်ကာကွယ်သည့် အပြုအမူများကို အမြဲတမ်း မလိုက်နာကြခြင်းသည် အဓိကပြဿနာတစ်ခုဖြစ်ကြောင်းလည်း AHF က ထောက်ပြထားသည်။

ထိုင်းနိုင်ငံ၏ National Strategy to End AIDS အရ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် HIV ကူးစက်မှုအသစ် ၁,၀၀၀ အောက်သို့ လျှော့ချရန်၊ HIV နှင့်ဆက်စပ်နေသည့် သေဆုံးမှုကို တစ်နှစ်လျှင် ၄,၀၀၀ အောက်သို့ လျှော့ချရန်နှင့် HIV နှင့် ကျား၊မဆိုင်ရာ အထင်အမြင်မှားမှုနှင့် ခွဲခြားဆက်ဆံမှုကို ၁၀ ရာခိုင်နှုန်းအောက်သို့ လျှော့ချရန် ရည်မှန်းထားသည်။

ရည်မှန်းချက်များ ပြည့်မီရေးအတွက် လူငယ်များနှင့် HIV ကူးစက်နိုင်ခြေမြင့်မားသည့် အုပ်စုများထံ HIV စစ်ဆေးမှုနှင့် ကာကွယ်ရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရေး၊ လူငယ်များ အသုံးပြုလေ့ရှိသည့် အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် HIV အန္တရာယ်နှင့် စစ်ဆေးမှုဆိုင်ရာ အသိပညာပေးရေး၊ HIV စစ်ဆေးမှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒါရိုက်တာ ခရစ်တီဆမ် အာယာဝန်ချိုင်က ဆိုသည်။

ကိုးကား-The Nation Thiland

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts