တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာ၊ ကနိုင်းဒါတိုးဂိတ်အနီးရှိ PP 1 စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ကားပါလုယက်သွားမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က PP 1 စက်သုံးဆီအရောင်းဆိုင်သို့ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး အသက် ၃၉ နှစ်အရွယ် ဆိုင်မန်နေဂျာ ဦးဟန်စိုင်းအောင်ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ဦးဟန်စိုင်းအောင်သည် ရင်ဘတ်၊ ဝမ်းဗိုက် ကျည်ဖောက်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။
သေနတ်သမားတို့သည် ဦးဟန်စိုင်းအောင်ကို ပစ်ခတ်ပြီး ဦးဟန်စိုင်းအောင်စီးနင်းသည့် ကားကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။
“သေနတ်နဲ့ ပစ်သတ်သွားတာတဲ့သူတွေက ဘယ်သူတွေလဲဆိုတာကိုတော့ မသိရသေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ဦးဟန်စိုင်းအောင်ကို မည်သည့်လက်နက်ကိုင်က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရှိရသေးပေ။
ဦးဟန်စိုင်းအောင်သည် လောင်းလုံမြို့နယ်၊ ကမြောကင်းကျေးရွာဇာတိဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။



