Homeသတင်းလောင်းလုံးတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးအပါအဝင် အရပ်သား ၄ ဦး ပစ်သတ်ခံရ

လောင်းလုံးတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးအပါအဝင် အရပ်သား ၄ ဦး ပစ်သတ်ခံရ

-

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်အဖွဲ့မှ ၂ ရက်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု မြေပြင်သတင်းအရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့  စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ပြင်းထိန်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၁၀၀ ကျော်ဖြင့် ဝေဒီရွာသို့ စစ်ကြောင်းဆက်လက်ထိုးလာချိန် လမ်းပေါ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အသက် (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

“အစက ပြင်ထိန်ရွာမှာ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ မနက် ၄ နာရီမှာ စစ်တပ်က ဝေဒီရွာကို စစ်ကြောင်းပြန်ထိုးတယ်၊ အဲ့အချိန်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ မိန်းကလေးကို သူတို့ဖမ်းတယ်။ ဖမ်းတော့ သူက ထွက်ပြေးတယ်၊ ထွက်ပြေးရင်းနဲ့ စစ်တပ်က သူ့ကို ပစ်လိုက်တာ။ သူက စိတ်သိပ်မမှန်ဘူး။ ” ဟု လောင်းလုံး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်း ၅ နာရီကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကုန်းဇရပ်ရွာသို့ စစ်ကြောင်းပြန်ထိုးလာချိန်တွင် နေအိမ်ပေါ်တွင် အိပ်နေသည့် အသက် (၉၁) နှစ်အရွယ် အဖိုးအိုတစ်ဦးကို ပစ်သတ်ခဲ့သည့်အပြင် နေအိမ်တစ်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

“ခွေးကဟောင်နေတော့ အဖိုးကြီးက ‌ဟေ့ ခွေးဆိုပြီး အော်လိုက်တာ၊ အဲ့အချိန်မှာ စစ်သားက အဲ့နေရာရှိနေတော့ သူတို့ကို ခွေးလိုပြောတယ်ထင်ပြီး အဖိုးအိမ်ပေါ်တက်ပြီး ပစ်သတ်လိုက်တာ။ ‌ဘေးနားကအိမ်ကိုလည်း မီးရှို့လိုက်တယ်။ ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။   

ယင်းနောက် ကုန်းဇရပ်ရွာအနီးရှိ မဲမော်ရွာဘက်သို့ စစ်ကြောင်းဆက်ထိုးရာ လမ်းပေါ်တွင် တွေ့ရသည့် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ထပ်မံပစ်သတ်ခဲ့သည်။   

အဆိုပါ အသက် (၂၀) ကျော်အရွယ် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးသည် သမီးရည်းစားများ ဖြစ်ကြသည်ဟုလည်း IMNA မှ စုံစမ်းမေးမြန်းချက်များအရ သိရသည်။   

ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို စက်တင်ဘာ ၁၁ မွန်းလွဲပိုင်း ၁၂ နာရီတွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး အသက် ၉၁ နှစ်အရွယ် အဖိုးကို လာမည့်စက်တင်ဘာ ၁၄ တွင်မီးသင်္ဂြိုဟ်သွားမည်ဖြစ်သည်။   

လက်ရှိတွင် မဲမော်ရွာမှ ထွက်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် မည်သည့်နေရာသို့ ဆက်လက်ဦးတည်သွားမည်ကို မသိရသဖြင့် ဒေသခံများသည် စိုးရိမ်ထိတ်လန့်နေကြပြီး စစ်ကြောင်းရန်ကြောင့် ဒေသခံအချို့ တိမ်းရှောင်နေသူများလည်း ရှိသည်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts