ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ထင်ရှားသော ရှေးဟောင်း မင်းမူကျောင်းတိုက်မှ ကျောင်းတိုက်ပိုင် ဘတ် ၉၂ သန်းကျော် အလွဲသုံးစားပြုလုပ်မှုဖြင့် ကျောင်းထိုင်ဆရာတော် လွမ်ဖော်ချို့တ်အား စက်တင်ဘာ ၁၀ ရက်နေ့ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဝင်ရောက်ဖမ်းဆီးချိန် ရှာဖွေစစ်ဆေးမှုများအရ ဆရာတော်နှင့်အတူ သီးသန့်ကျောင်းခန်းအတွင်း လိင်ဆက်ဆံနေသည့် CCTV မှတ်တမ်းထွက်ပေါ်ခဲ့သူ ငွေကြေးစီမံခန့်ခွဲပေးမှု ကြံရာပါ အမျိုးသမီးတစ်ဦးကိုလည်း တစ်ပါတည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဆရာတော်သည် ကျောင်းတိုက်ပိုင် ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ကာ အခြားသူများ၏ အမည်ဖြင့် ပုန်းကွယ်လွှဲပြောင်းနိုင်ရန် ကြံရာပါ အမျိုးသမီးတစ်ဦးထံ ငွေကြေးများ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်ကြားစာ ရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုများအရ စွပ်စွဲချက်များကို အထောက်အကူပြုသည့် သက်သေအထောက်အထားများ တွေ့ရှိခဲ့ရသည်။ အဆိုပါဆရာတော်သည် ၂ နှစ်ကျော် ကာလအတွင်း ကျောင်းတိုက်၏ ခွင့်ပြုချက်မရှိဘဲ ကျောင်းတိုက်အမည်ဖြင့် အလှူခံပြေစာ ၂၀ ထက်မနည်း ထုတ်ပေးခဲ့ပြီး စုစုပေါင်း ဘတ် ၉၂ သန်းကျော် ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရသည်။
ဆရာတော်အား သိမ်တော်အတွင်း၌ လူဝတ်လဲ (သိက္ခာချ) စေခဲ့ပြီးနောက် ဆက်လက်စစ်ဆေးရန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) သို့ ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးထားသည့် အမျိုးသမီး၏ ဘဏ်အကောင့်များအတွင်းသို့လည်း တစ်နှစ်လျှင် ဘတ်ငွေ သန်းပေါင်းများစွာ စီးဆင်းဝင်ထွက်နေသည်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရသည်။ ၎င်းအား အစိုးရတာဝန်ရှိသူတစ်ဦး၏ တရားမဝင် လုပ်ဆောင်ချက်များတွင် အားပေးကူညီမှုဖြင့် ဖမ်းဆီးအရေးယူထားသည်။
လွမ်ဖော်ချို့တ်သည် ၂၀၂၂ ခုနှစ်တွင် အဆိုပါ ရှေးဟောင်းဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။
၎င်းသည် ဒကာ၊ ဒကာမများအကြား ရေပန်းစားသော “နူအာဒွမ်” (ကံဇာတာမြှင့်တင်ပေးသည့်) ဒင်္ဂါးပြားများအပါအဝင် အင်းအိုင်လက်ဖွဲ့များ ပြုလုပ်ခြင်းကြောင့် လက်ဖွဲ့ချစ်သူများအကြား ထင်ရှားကျော်ကြားသူတစ်ဦးလည်း ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။



ကိုးကား/ပုံ-Bangkok Post




