Homeသတင်းမောတောင်တွင် စစ်ရေးတင်းမာနေပြီး စစ်တပ်မှ အင်အားထောင်ချီသုံးကာ ခုခံကာကွယ်

မောတောင်တွင် စစ်ရေးတင်းမာနေပြီး စစ်တပ်မှ အင်အားထောင်ချီသုံးကာ ခုခံကာကွယ်

-

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာကြောင်း ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

မောတောင်–ထုံခါး လမ်းတစ်လျှောက် သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်၍ တိုက်ပွဲဖော်ဆောင်နေသည့်အပြင် စစ်တပ်ဘက်မှ အင်အား ၈၀၀ မှ ၁,၀၀၀ ဝန်းကျင်အထိ အသုံးပြုထားသည်ဟု ဆိုသည်။

“တိုက်ပွဲဖြစ်တာက ထုံခါး–မောတောင်လမ်းပေါ် တစ်လျှောက်ဖြစ်ပါတယ်။ အခုရက်ပိုင်းတွေမှာ ပိုဖြစ်လာပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်၊ ကျွန်တော်တို့ဘက်က ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်နေတယ်” ဟု Black Cobra Column အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစ၍ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၂၀ ကြိမ်နီးပါး ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီတပ်အဖွဲ့ဝင် ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ထုံခါး–မောတောင် လမ်းတစ်လျှောက်ရှိ သဲဖြူ၊ ချောင်းနှစ်ပေါက်၊ သိန်ခွန်းရွာ စသည့် ကျေးရွာအများအပြားမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

စစ်ဘေးရှောင်ဒေသခံများကို ရွာအတွင်း ပြန်လည်နေထိုင်ရန် ဖိအားပေးခေါ်ဆောင်နေသည့်အပြင် ပြန်လည်ဝင်ရောက်လာသူများကိုလည်း ရွာအပြင်ဘက်ရှိ တောင်ယာနှင့် ဥယျာဉ်ခြံများသို့ သွားလာခွင့်မပေးသည့်အတွက် ဝင်ငွေရရှိရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“သဲဖြူရွာဆိုရင် ရွာလုံးကျွတ်နီးနီး စစ်ရှောင်နေကြပါတယ်။ စစ်တပ်က ရွာသားတွေကို ရွာထဲမှာ ပြန်လာနေခိုင်းပေမဲ့ ရွာထဲမှာ ပြန်လာနေရင် ရွာအပြင် ပြန်ပေးမထွက်ဘူး။ တောင်ယာ၊ ဥယျာဉ်ခြံ ပေးမသွားဆိုတော့ တချို့ရွာသားတွေက ဝင်ငွေမရှိတော့ အဆင်မပြေလို့ ရွာထဲပြန်မနေရဲကြဘူး။ စားဝတ်နေရေးရော ကျန်းမာရေးရောပါ အခက်အခဲဖြစ်နေကြတယ်။ လမ်းတစ်လျှောက်က အခြားရွာတွေမှာလည်း အကုန်စစ်ရှောင်နေကြရတာ” ဟု Black Cobra Column မှ တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးတွင်လည်း အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင်လည်း ကျွဲထိန်းကုန်းကျေးရွာသို့ စစ်ကောင်စီအဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဒေသခံ ၄၀–၅၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အချို့ကျေးရွာများတွင် ဒေသခံများ ပြန်လည်နေထိုင်လာကြသော်လည်း လုံခြုံရေးအခြေအနေကြောင့် ဆက်လက်စစ်ရှောင်နေသူများလည်း အများအပြားရှိနေသည်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် မောတောင်မြို့အပါအဝင် ထုံခါး–မောတောင် လမ်းပိုင်းရှိ ကျေးရွာများမှ လူမရှိသော နေအိမ်များကို ဖောက်ထွင်းပြီး အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကား၊ ဆိုင်ကယ်များကိုလည်း အဓမ္မသိမ်းယူခြင်းများ လုပ်ဆောင်လျက်ရှိသည်။

တော်လှန်ရေးအဖွဲ့ဘက်က စစ်ရေးအခြေအနေအရ ဆက်လက်၍ ထိရောက်သည့် တိုက်ခိုက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ပြီး အရပ်သားပြည်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ပြန်ချက်များနှင့် သတိပေးချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts