အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်အကြာတွင် အရပ်သားအသွင် ပြောင်းလဲသွားသော်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်း၍ အကောင်အထည်ဖော်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် ကျင့်သုံးသွားမည်ဟု အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ၂၀၂၆ ဇူလိုင်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတစ်ဝှမ်းတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုဘက်မှ သေဆုံးမှု၊ ဒဏ်ရာရရှိမှု ဖြစ်ပေါ်နေသလို ၎င်းတို့၏ လုံခြုံရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးတွင်လည်း တပ်သားလိုအပ်ချက်များ ဆက်ရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထူးချစ်က ပြောသည်။

“အဓိကတော့ဗျာ ဒီစစ်တပ်မှာတော့ လူအင်အားလိုနေတယ်ဆိုတဲ့ဟာက အခြေခံကျပါတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေကလည်း တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတယ်။ တချိန်ထဲမှာပဲ မြန်မာစစ်တပ် အနေနဲ့ နေ့တိုင်းလိုလို အကျအဆုံးတွေ များသလို ဒဏ်ရာရတဲ့သူတွေရယ်၊ နောက် နေ့တိုင်းနီးပါး လက်နက်ချတဲ့သူတွေပေါ့နော်၊ တော်လှန်ရေးအဖွဲ့မှာ လက်နက်ချတဲ့သူတွေရယ်၊ တပ်ပြေးတွေကလည်း အမြဲတမ်းများလာတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ကတော့ စစ်မှုထမ်းဥပဒေဟာ တိုက်ခိုက်ရေး တပ်သားတွေမကဘဲ သူတို့ရဲ့ လုံခြုံရေး ကိစ္စတွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ ဆေးဖက်နဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာပါ လူအင်အားဖြည့်ဖို့ လိုတယ်၊ ဒါကြောင့်မို့လို့ ဒီစစ်မှုထမ်း ဥပဒေကို ဆက်လက်ပြဋ္ဌာန်းနေတယ်လို့ ကျနော်တို့ နားလည်ပါတယ်” ဟု ပြောသည်။
လူငယ်များအပေါ် နိုင်ငံရေးအရနှင့် လူမှုရေးအရ ထိန်းချုပ်မှု ပို၍ လုပ်ဆောင်လာနိုင်ကြောင်း၊ လူငယ်များ ပြည်ပထွက်ခွာမှု၊ နိုင်ငံရေးတွင် ပါဝင်မှု၊ တော်လှန်ရေးတွင် ကူညီထောက်ပို့မှု၊ စစ်အုပ်စုကို ဆန့်ကျင်သော လှုပ်ရှားမှုများကို ဖိအားအနေဖြင့် စစ်မှုထမ်း ဥပဒေကို အသုံးပြုနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
သင်တန်းအပတ်စဉ် တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ပြုလုပ်နေပြီး လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲများကို စစ်အုပ်စု၏ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြုလုပ်လျက်ရှိနေသည်။
နိုင်ငံရေးနည်းလမ်းအရ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပ၍ အုပ်ချုပ်နေသော်လည်း တဖက်တွင် နည်းပရိယာယ်အရ ထိုးစစ်ဆင်နိုင်ရန် စစ်မှုထမ်းဥပဒေကို တရားဝင်ပုံစံဖြစ်အောင် ပုံဖော်နေကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။
“စစ်ဘက်ဆိုင်ရာကနေ အရပ်ဘက်အသွင် ပြောင်းပြီးတော့ အုပ်ချုပ်တာပေါ့နော်၊ သို့ပေမဲ့ တစ်ဖက်မှာ နိုင်ငံရေးနည်းလမ်းအရ ဒီလိုပြောင်းလဲပြီး အုပ်ချုပ်ပေမဲ့လည်း ဒီဟာရဲ့ တစ်စုံလုံးက စစ်တပ်ပဲ ပြန်ပြီးတော့ လက်ဝါးကြီးအုပ် အုပ်ချုပ်တယ်။ ကြိုးကိုင်တဲ့ဟာမျိုး ရှိတာပေါ့။ စစ်ဘက်ဆိုင်ရာမှာ လုံခြုံရေး ကဏ္ဍအရ ပြန်ပြီးတော့ ဖြည့်တင်းရမယ့် ကဏ္ဍတွေရှိတယ်။ ဆုံးရှုံးထားတဲ့ဟာတွေကို စစ်မှုထမ်း ဥပဒေအရ ပြန်ပြီးတော့ ဖြည့်တင်းတယ်။ တဖက်မှာ လူအင်အားဖြည့်ပြီးတဲ့နောက်မှာ နေရာဒေသအနှံ့မှာ သူထိုးစစ်တွေ ပြန်ပြီးဆင်နိုင်ဖို့အတွက် စစ်အင်အားလိုတာကိုး၊ ဒီစစ်အင်အားကို သူအသုံးချဖို့အတွက် ခုနကပြောတဲ့ စစ်မှုထမ်း ဥပဒေကို ဆက်လက်ပြီးတော့ သူကျင့်သုံးမယ်ပြောတာ” ဟု ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်အုပ်စုနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
စစ်ပွဲကာလ ၅ နှစ်ကျော်လာပြီဖြစ်သည့်အတွက် လူသေဆုံးမှု အများအပြားရှိခဲ့သဖြင့် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွင် တပ်သားရှားပါးလာကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။
“သူတို့ကတော့ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်ပေမယ့် အခုထက်ထိတော့ အရပ်သားလက္ခဏာတစ်ခုမှ မတွေ့သေးဘူး။ အထူးသဖြင့်တော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ ပထမဦးဆုံးအချက် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ လျှော့ချရေးမှာ အခုထက်ထိ ဗုံးပတ်ကျဲပြီးတော့ သူတို့က အကြမ်းဖက်မှု လျှော့ချနေပါတယ်လို့ ပြောလို့မရဘူးလေ။ အဲဒီလိုပဲ ပြည်တွင်းပဋိပက္ခ လျှော့ချရေးမှာ စစ်တိုက်နေတာ အခုလည်း နှစ်စလုံးဗျ၊ စစ်အုပ်စုရော ဒီဖက် တော်လှန်ရေး အုပ်စုတွေရော လူက တော်တော်ရှားလာတယ်။ ၅ နှစ်ကျော်ဆိုတော့ အများကြီးလည်း သေကုန်ကြတယ်။ ACLED က ဟိုတလောက ထုတ်တာ ၅ နှစ်အတွင်းမှာ လူ ၁ သိန်းကျော် သေတယ်တဲ့၊ ကျွန်တော်ထင်တာ အဲဒီထက်မကဘူး။ အဲဒါကြောင့် မင်းအောင်လှိုင်ကတော့ သူ့ရဲ့ ရက် ၁၀၀ မှာတော့ စစ်မှုထမ်း ဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်၊ ဆက်လုပ်မယ်၊ ဆက်လည်း လုပ်မှာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းအပြီး ဖြစ်ပေါ်လာသော ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ အရေအတွက်သည် ၁ သိန်းကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာပေါ်ရှိ စစ်ပွဲများကို လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော လက်နက်ကိုင်ပဋိပက္ခ နေရာနှင့် ဖြစ်ပွားရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (Armed Conflict Location & Event Data – ACLED) က ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားထားသည်။
စစ်အာဏာသိမ်းမှု မတိုင်မီ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ ပြည်သူတို့သည် စစ်အုပ်စုထံ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသော်လည်း အာဏာသိမ်းနောက်ပိုင်းနှစ်များတွင် စစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်သည့် ဒေသများ ဖြစ်လာခဲ့သည်ဟု သုံးသပ်သူများက ဆိုသည်။
ထို့ကြောင့် စစ်အုပ်စုသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအရဟုဆိုကာ တပ်သားစုဆောင်းနေသလို အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲ၍ စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဆိုသည်။




