မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာမိခင်များ ထိုင်းနိုင်ငံ၌ ကလေးမွေးဖွားမှုနှုန်း နှစ်စဉ်မြင့်တက်လာနေပြီး ၅ နှစ်တာအတွင်း ၂၀၂၅ ခုနှစ်သည် အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်အထိ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသား မိခင်များမှ ကလေးမွေးဖွားမှု အကြိမ်ပေါင်း ၁၃၁,၀၀၀ ကျော်အထိ ရှိခဲ့သည်ဟု ဖော်ပြသည်။

နှစ်အလိုက်အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ၁၈,၉၀၅ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈,၇၂၈ ဦး မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၂၄,၁၅၄ ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း ၂၅,၀၈၇ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် မွေးဖွားသည့် ကလေးအရေအတွက်သည် ၂၈,၈၆၉ ဦးအထိ ရှိလာခဲ့သဖြင့် ၅ နှစ်တာကာလအတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ဩဂုတ်လ ၂၁ ရက်အထိ မွေးဖွားမှု ၁၆,၁၁၇ ဦး ရှိခဲ့ကြောင်း သိရသည်။
ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနမှ ဖော်ပြသည့် စာရင်းများသည် မွေးဖွားသည့်ကလေးများ၏ နိုင်ငံသားဖြစ်မှုကို ရည်ညွှန်းခြင်းမဟုတ်ဘဲ မိခင်၏ နိုင်ငံသားဖြစ်မှုကို အခြေခံ၍ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံ၌ ကလေးမွေးဖွားမှုနှုန်းမှာ ၇၅ နှစ်အတွင်း ဆက်တိုက်ကျဆင်းလျှက်ရှိသည်။
Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ လွန်ခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံ၌ ကလေးမွေးဖွားသူ ၄၁၆,၅၀ဝ နီးပါးသာ ရှိခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သဖြင့် နိုင်ငံ၏ လူဦးရေမှာ စတင်လျော့နည်း ကျဆင်းလာနေသည်။




