မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့် ဒေါ်နွယ်နွယ်ခိုင်ဆိုသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်နွယ်နွယ်ခိုင် နေအိမ်အတွင်းတည်ရှိနေစဉ် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်းအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
သေနတ်သမားတို့က ဒေါ်နွယ်နွယ်ခိုင်ကို 9MM ပစ္စတို သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်နွယ်နွယ်ခိုင်သည် ဝဲဘက်နို့အုံး၊ ဝဲ/ယာ ခါး၊ နောက်ကျောခုံရှပ်ထိဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့သည်။
“သေဆုံးသူ နေအိမ်ဘက်က သေနတ်သံ ၄ ချက်လောက်ကြားပြီးနောက် အိမ်ထဲကနေ လူငယ်တစ်ဦး ထွက်ပြေးလာတာကို တွေ့ရတယ်။ လမ်းမပေါ်မှာ ရပ်ထားတဲ့ လူငယ်တစ်ဦး အသင့်ထိုင်နေသည့် ဆိုင်ကယ်ပေါ်သို့ တက်ရောက်ပြီး မော်-သံလမ်းဘက်သို့ ထွက်ပြေးသွားခဲ့တယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ဒေါ်နွယ်နွယ်ခိုင်သည် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ကဖြစ်ပြီး ပြီးခဲ့သည့် မတ်လခန့်က မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်နေသည်။
ဒေါ်နွယ်နွယ်ခိုင်သည် မယားကြီးနှင့် ကွာရှင်းထားသည့် မုဒုံမြို့နေ ဦးသိန်းအောင်ဆိုသူနှင့် အွန်လိုင်းကနေ ချစ်ကြိုက်ခဲ့ကြပြီး မုဒုံမြို့တွင် အိမ်ငှားပြီး လာရောက်နေထိုင်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။
ဒေါ်နွယ်နွယ်ခိုင်ကို မည်သူက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လူမှုရေးကိစ္စ ရှုပ်ထွေးမှုများကြောင့် ယခုလို လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။
ဒေါ်နွယ်နွယ်ခိုင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက် ကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာက ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။



