ကရင်ပြည်နယ် ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လမ်းမများပေါ်တွင် ရေများ စတင်ဝင်ရောက်လာပြီး မြစ်ရေလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ယနေ့ မနက်ပိုင်း ၆ နာရီခွဲအချိန်တွင် ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာမှ ၈၂၀ စင်တီမီတာအထိ မြင့်တက်လာသည့်အတွက် စိုးရိမ်ရေအမှတ်ထက် ၇၀ စင်တီမီတာခန့် ကျော်လွန်နေကြောင်း သိရသည်။
မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့ပေါ်ရှိ အမှတ် (၁) ရွှေနှင်းဆီရပ်ကွက်၊ အမှတ် (၂) ရေပေါ်ဈေး၊ ဆယ်ပေလမ်း၊ မေတ္တာလမ်းနှင့် စေတနာလမ်း အစရှိသည့် မြေနိမ့်ပိုင်းနေရာများသို့ ရေများ ဝင်ရောက်နေပြီဖြစ်သည်။
၎င်းအပြင် ကုက္ကိုလ်ပင်အောက်လမ်း၊ အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းနှင့် ဆယ်အိမ်စုတံတားထိပ်အနီးရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေဝင်ရောက်မှု ပိုများနေပြီး အချို့နေရာများတွင် လမ်းမများပေါ်၌ ရေအနက် တစ်ပေဝန်းကျင်ခန့်အထိ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ ၈ ရက်နေ့ကတည်းက ရေက တဖြည်းဖြည်းနဲ့ တက်လာနေတာ အခုဆို ရေက တော်တော်ကျော်နေတယ် ညတွင်းချင်း မြစ်ရေအတော်တိုးလာတယ် အနိမ်းပိုင်းတွေဆို ရေအကုန်ဝင်နေပြီး” ဟု ဘားအံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လတ်တလောတွင် သံလွင်မြစ်ရေသည် ဆက်လက်မြင့်တက်လျှက်ရှိပြီး လာမည့် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်သောကြောင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားရန်လိုကြောင်း မိုးလေဝသဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြစ်ရေဆက်လက်မြင့်တက်နေသည့်အတွက် ရေဝင်ရောက်နေသည့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် အရေးကြီးသည့်ပစ္စည်းများကို ပြောင်းရွှေ့ထားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။







