Homeသတင်းမြဝတီနယ်စပ်တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး ကျည်ဆန်များ နယ်စပ်ဖြတ်ကျော်ကျရောက်မှု ဆက်တိုက်ရှိနေ

မြဝတီနယ်စပ်တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး ကျည်ဆန်များ နယ်စပ်ဖြတ်ကျော်ကျရောက်မှု ဆက်တိုက်ရှိနေ

-

ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများပိုမိုပြင်းထန်လာနေပြီး ပစ်ခတ်သံများနှင့်အတူ နယ်စပ်ဖြတ်ကျော် ကျရောက်လာသည့် ကျည်ဆန်များကြောင့် ထိုင်ဘက်ခြမ်းရှိ ဒေသခံရွာသားများ ထိန့်လန့်နေရကြောင်း (Thai PBS North) မှ ဖော်ပြချက်အရ သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်မှ ဒရုန်းများ၊ ဒုံးပစ်လောင်ချာများဖြင့် အဆက်မပြတ် ပစ်ခတ်မှုများအပြင် ပေါင် ၅၀၀ ဗုံးများသုံး၍ လေကြောင်း ပစ်ခတ်မှုများ၊ မြေပြင် အင်အားဖြည့်တင်းမှုရှိနေသဖြင့် နှစ်ဖက်နယ်စပ်တိုက်ပွဲ ယခင်ကထက် ပိုမိုပြင်းထန်လာနေသည်ဟု ထိုင်းသတင်းများတွင် ဆိုသည်။

ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပစ်ခတ်လိုက်သည့် ကျည်ဆန်များသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု၊ မယ်ကော့ဂဲ့နှင့် ဟွေးမော်ဝေါင်ကျေးရွာများရှိ အရပ်သား ပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ခဲ့သည်။

၎င်းကျည်ဆန်များ ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်ကို ဒေသတွင်းရှိ CCTV ကင်မရာမှတ်တမ်းများတွင် ရှင်းလင်းစွာ တွေ့မြင်ခဲ့ရပြီး အဆိုပါ တိုက်ပွဲများသည် မင်းလက်ပံဒေသနှင့် မြဝတီမြို့အနီးတစ်ဝိုက်ရှိ နယ်စပ်ဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများနှင့် နယ်စပ်ဖြတ်ကျော်ကျရောက်လာသည့် ကျည်ဆန်များကြောင့် ထိုင်းဘက်ခြမ်းရှိ ရွာသားများသည် ကြောက်ရွံ့ထိတ်လန့်နေကြသည့်အပြင် ညနက်သန်းခေါင်အချိန်အထိ တစ်ညလုံး အိပ်ပျော်ခြင်းမရှိဘဲ ဘေးကင်းလုံခြုံမည့် နေရာများတွင် ပုန်းအောင်ခိုလှုံပြီးနေခဲ့ရသည်။

ထိုင်းတော်ဝင်တပ်မတော်၏ အထူးတပ်ဖွဲ့၊ မဲဆောက်ခရိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အမှတ် (၃၄) ခြေလျင်ဗျူဟာအဖွဲ့ (သို့မဟုတ်) အမှတ် ၃၄၆ တပ်ရင်းမှ စစ်ဘက်အရာရှိများသည် ကျည်ဆန်ထိမှန်ခဲ့သည့် နေအိမ်များနှင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားရာနေရာများသို့ အရေးပေါ် သွားရောက်စစ်ဆေးခဲ့သည်။

ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် မြန်မာပြည်တွင်း တိုက်ပွဲမှ လွင့်စင်လာသော ဗုံးဆန်များနှင့် ကျည်ခွံအစအနများကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး ၎င်းအထောက်အထားများကို တရားဝင်အစီရင်ခံစာ ရေးသားပြီး အထက်အာဏာပိုင်များထံ ဆက်လက်တင်ပြရန် စုဆောင်းလျက်ရှိသည်။

ထိုင်းလုံခြုံရေးအရာရှိများ၏ ပြောကြားချက်အရ စစ်ကော်မရှင်တပ်ဖွဲ့သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို၏ ခံစစ်စခန်းများကို သိမ်းပိုက်နိုင်ရန်အတွက် ဒရုန်းများနှင့် လေကြောင်းပစ်ကူများကို အသုံးပြုကာ တစ်နှစ်နီးပါးပတ်လုံး အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ယခုအချိန်အထိ ၎င်းစခန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts