Homeသတင်းဝင်းဝတပ်စခန်းမှ  လက်နက်ကြီးကြောင့် သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

ဝင်းဝတပ်စခန်းမှ  လက်နက်ကြီးကြောင့် သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

-

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကမြိုင်ကျေးရွာမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသအတွင်းရှိ သတင်းအရင်းအမြစ်များထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကော်မရှင် ဝင်းဝစခန်းမှ ကမြိုင်ကျေးရွာဘက်သို့ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးသည် ကမြိုင်ကျေးရွာ တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအတွင်းရှိ သံဃာတစ်ပါး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်။

“ သူတို့က ရမ်းပြီး ပစ်နေတာ။ မနေ့က ဝင်းဝစခန်းက‌နေပစ်တာ ကမြိုင်ရွာ တောင်ပေါ်ကျောင်းမှာ ကျသွားတာ။ ကျောင်းမှာရှိတဲ့ သံဃာတော်တစ်ပါး ပေါင်မှာထိသွားတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး လက်နက်ကြီးက နှစ်ကြိမ်ပစ်လိုက်တာ။ ” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

ကျည်စကြောင့် ပေါင်တွင် ဒဏ်ရာ အနည်းငယ် ရရှိထားသည့် သံဃာတော်သည် ကျေးရွာအတွင်းရှိ ဆေးခန်းတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဝင်းဝတပ်စခန်းအနီးတဝိုက်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးခြင်းနှင့် ကင်းပုန်းဝပ်လှုပ်ရှားခြင်းများ မကြာခဏ လုပ်ဆောင်နေသဖြင့် ဒေသခံများ ထိန့်လန့်နေရသည်။

“ လက်နက်ကြီးလဲ မကြာခဏ ရမ်းသမ်းပြီး ပစ်တယ်။ စစ်ရေးအခြေအနေက ငြိမ်နေလဲ ပစ်တာပဲ။ နောက်တစ်ခုက အဲ့ဝင်းဝတပ်စခန်းအနီးအနားမှာ ရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးတာတွေလုပ်တယ်။ ကင်းပုန်းဝပ်လှုပ်ရှားတာလည်း ခဏခဏ ရှိတယ်။ ဒေသခံတွေကြောက်တာပေါ့ ရမ်းပစ်လိုက် ကင်းပုန်းဝပ်နေလိုက်နဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် သရက်ချောင်းမြို့အနီး ဆင်ကူးနှင့် ဘုတ်ကိုင်းကျေးရွာကြားတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲအပြင်၊ လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကြောင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ အနည်းဆုံး ၉၃၂၀၀ ခန့် ရှိခဲ့ကြောင်းလည်း FE 5 တနင်္သာရီမှ ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts