Homeသတင်းထိုင်းနယ်စပ်မှ ပြန်ပို့သည့် မြန်မာလုပ်သား လက်ခံရေးလုပ်ငန်းစဉ် ယခင်ကထက် ပိုမိုမြန်ဆန်လာ

ထိုင်းနယ်စပ်မှ ပြန်ပို့သည့် မြန်မာလုပ်သား လက်ခံရေးလုပ်ငန်းစဉ် ယခင်ကထက် ပိုမိုမြန်ဆန်လာ

-

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိသည့် လုပ်ငန်းများ လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို စစ်ကောင်စီဘက်က ယခင်ကထက် ပိုမိုမြန်ဆန်စွာ လက်ခံနေပြီး ပြန်ပို့ခံရသူအများစုတို့ စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံနေရကြောင်း သိရသည်။

ကော့သောင်းနယ်စပ်မှ မြန်မာရွှေ့ပြောင်းလုပ်သားအရေး စောင့်ကြည့်နေသည့် FE 5 Tanintharyi  အချက်အလက်များအရ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကလေးငယ်များအပါအဝင် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများကို တစ်လ ၂ ကြိမ်နှုန်းဖြင့် ၂၀၂၆ ခုနှစ် ၅ လတာ အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၇၆၅ ဦး နေရပ်ပြန်ပို့ခံထားရကြောင်း IMNA သို့ပြောသည်။

ယခင်က မြန်မာဘက်မှ စာရွက်စာတမ်းကိစ္စ အကြောင်းပြ၍ ရွှေ့ပြောင်းလုပ်သား လက်ခံရန် ၃ လ အထိ ကြန့်ကြာလေ့ရှိသော်လည်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ချိန်မှစပြီး တစ်လပျှမ်းမျှ ၂ ကြိမ်အထိ ပိုမိုမြန်ဆန်စွာလုပ်ဆောင်နေသည်။

ပြန်ပို့ခံရသူအများစုကို စစ်တပ်မှ ကော့သောင်းကမ်းဘက်တွင် စာရင်းဇယားများနှင့်တကွ အသင့်စောင့်ဆိုင်းကာ ကော့သောင်းအခြေစိုက်တပ်ရင်းသို့ တိုက်ရိုက်ပို့ဆောင်လျှက်ရှိသည်။

FE 5 Tanintharyi မှ တာဝန်ရှိသူက “ စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်ကဆိုရင် ရနောင်း လဝက အချုပ်မှာရှိနေတဲ့ မြန်မာတွေကို ကော့သောင်းပြန်ပို့ဖို့ဆိုတာ အရမ်းကြာလေ့ရှိတယ်။ တစ်ခါတစ်လေဆို ၃ လအထိ ထားပြီးမှပြန်ပို့တယ်။ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်လာပြီးချိန်မှာတော့ မြန်မြန်ဆန်ဆန်လုပ်လာပြီး မြန်မြန် လက်ခံလေ့ရှိတယ်။” ဟုပြောသည်။

လာမည့် လပိုင်းအတွင်း တရားမဝင်ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့နိုင်ရေး ထိုင်းအာဏာပိုင်ဘက်မှ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သဖြင့်  ရွှေ့ပြောင်းလုပ်သားများအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုင်းမှ ကော့သောင်းသို့ နေရပ်ပို့ဆောင်ခံရာမှတစ်ဆင့် စစ်မှုထမ်းသို့ ရောက်ရှိသွားသူများ ငွေကြေးရာနှင့်ချီ ပေးဆောင်သော်လည်း ပြန်လည် လွတ်မြောက်ခြင်းမရှိကြောင်း မွန်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“စိတ်ပူရတာပေါ့ ဒီစစ်မှုထမ်းနောက်ပိုင်း ထိုင်းမှာတစ်ခုခုလုပ်မိလို့ သူတို့ပို့လာမှန်း မသိမှာကိုစိုးတယ်။ ကျမမောင်လေးထိသွားတုန်းက ကော့သောင်းဘက်ကနေ ပို့ခံရတာမသိဘူး။ နောက်ပိုင်းအဆက်သွယ်ရတော့ ပိုက်ဆံလိုက်ရှာရတယ်လေ။ ရာနဲ့ ချီ တောင်းတယ်။ ပိုက်ဆံပေးပြီး ပြန်လွတ်မလွတ်မသိဘူး။ လူအစားထိုးရမှလွှတ်တယ်။ ” ဟုပြောသည်။

နယ်စပ်သို့ ပြန်ပို့ခံရသည့် အလုပ်သမားများသည်အတွက် နီးစပ်ရာအကူအညီတောင်းခံနိုင်ရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များကို အမြန်ဆုံးလုပ်ဆောင်သင့်သည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းသည်။

ပြီးခဲသည့် ၂၀၂၅ ခုနှစ်အတွင်း တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများ  ၁၆ ကြိမ် ပြန်လည်လွှဲပြောင်းခဲ့ရာတွင် လူဦးရေ ၂၀၇၂ ဦး ပါရှိကြောင်း FE 5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

ပြည်တွင်းတွင်  စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်နီးချင်းထိုင်းနိုင်ငံများသို့ ထွက်ခွာသူများပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ခရိုင်ကြီး (၄)ခု ဖြစ်သည့် တာ့ခ်၊ ရနောင်း၊ ကန်ချနဘူရီနှင့် ချင်းရိုင် နယ်စပ်ဂိတ်တို့တွင် နေ့စဉ် ဖမ်းဆီးခံရမှုများရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ပုံ-IMNA Data Visualisation

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts