Homeဆောင်းပါးရုန်းထွက်လိုသူများ၏ အိမ်မက်နှင့် လိမ်လည်လိုသူများ၏ ထောင်ချောက်

ရုန်းထွက်လိုသူများ၏ အိမ်မက်နှင့် လိမ်လည်လိုသူများ၏ ထောင်ချောက်

-

သတင်းဆောင်းပါး-နောင်ရိုး

ပြည်တွင်းလူငယ်များ ငွေကျပ်သိန်း ရာချီ ကုန်ကျခံပြီး ပြည်ပအလုပ်လုပ်ကိုခွင့် အိမ်မက်များဖြင့် ထွက်ခွာနေသူများ နောက်ဆုံး အိမ်နီးချင်းနိုင်ငံရှိ စက်ရုံတစ်ခု၌ အကြွေးပတ်လည်ဝိုင်းကာ ဘဝကို အသည်းအသန် ရုန်းကန်နေရသည့် ဖြစ်ရပ်မျိုးသည် ယနေ့ ပြည်ပထွက် လူငယ်များကြား ရင်နင့်စရာ သာဓကတစ်ခု ဖြစ်လာနေသည်။

လက်ရှိအခြေအနေတွင် စားဝတ်နေရေး ကြပ်တည်းမှုများနှင့် စစ်မှုထမ်းဥပဒေ ဖိအားများမှ လွတ်မြောက်လိုသဖြင့် လူငယ်များစွာ ပြည်ပထွက်ခွာသည့်လမ်းကို အာဏာသိမ်းအစောပိုင်းကာလထက် ပိုမိုရွေးချယ်လာကြောင်း ISP Myanmar ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပြည်ပထွက်ခွာနိုင်ရန် အေဂျင်စီများနှင့် ပွဲစားများကို အားကိုး၍ ထိုင်း၊ မလေးရှား၊ စင်ကာပူ ဂျပန်စသည့် နိုင်ငံများသို့ သွားရောက်ရန် အရေးတကြီး ရွေးချယ်လာကြသည်။

သို့သော် လွဲမှားသော ယုံကြည်တစ်ခု၏ နောက်ကွယ်၌ အိပ်မက်များ ပျက်စီးကာ အကြွေးနွံနစ်ရသည့် အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရသည်။

ယခုဆောင်းပါးသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေကြသော လူငယ်များအနေဖြင့် လိမ်လည်လှည့်ဖြားမှု ထောင်ချောက်များအတွင်း မရောက်ရှိစေရန်နှင့် ဘေးကင်းမှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်စေရန် သတိပေးနှိုးဆော်ချက်အဖြစ် ရည်ရွယ်ရေးသားထားခြင်း ဖြစ်သည်။

လူမှုကွန်ရက်ပေါ်မှ ဆွဲဆောင်မှုနှင့် မြေပြင်ထောင်ချောက်များ

"ဘာသာစကားမလိုဘဲ အမြန်ခေါ်ယူမည်"၊"အလုပ်အကိုင် အာမခံချက်ရှိသည်"၊ “လုပ်ငန်းအတွေ့အကြုံမလိုပါ" စသည့် ဆွဲဆောင်မှုရှိသည့် ကြော်ငြာများကို လူမှုကွန်ရက်စာမျက်နှာများဖြစ်ကြသော Facebook၊ Telegram နှင့် TikTok တို့တွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသည်။

ပိုမိုကောင်းမွန်သော အနာဂတ်ကို အလျင်စလို ရောက်လိုသူ လူငယ်များအတွက် အဆိုပါစကားလုံးများသည် အခွင့်အလမ်းတစ်ခုကဲ့သို့ ထင်မှတ်ရသော်လည်း၊ အမှန်တကယ် ဘဝတစ်ခုလုံးကို ပျက်စီးစေနိုင်သည့် လိမ်လည်မှုထောင်ချောက်များသာ ဖြစ်ကြသည်။

ထိုသို့ ကြော်ငြာများကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများထံ ရောက်ရှိနိုင်သွားနိုင်သလို၊ တရားမဝင်အေဂျင်စီများမှ ငွေကြေးလိမ်လည်ခြင်း၊ စာချုပ်လိမ်လည်မှုများနှင့် လုပ်ငန်းခွင် အစစ်အမှန်မကိုက်ညီခြင်းများ ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မွန်ပြည်နယ်အပါအဝင်၊ရန်ကုန်မြို့နှင့် မြန်မာပြည်အထက်ပိုင်းမှ လူငယ် ၂၀ ဦးဝန်းကျင်တို့ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခံထားရပြီး အဆက်အသွယ်ဖြတ်ခံထားရသည့် ဖြစ်စဉ်လည်း လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည်။

IMNA မှ မေးမြန်းချက်အရ အဆိုပါ လူငယ် ၂၀ ဦးအတွင်းမှ မွန်လူငယ်အမျိုးသမီးတစ်ဦးလည်း ပါဝင်နေပြီး လိမ်လည်ခံမှုကြောင့် ထိုင်းနိုင်ငံတွင် အခြေအခံအလုပ်သမားတစ်ဦးဖြစ်သာ အလုပ်လုပ်ကိုင်ပြီး ယနေ့အထိ အကြွေးဝန်ထုပ်ဝန်ပိုးကိစ္စ ဖြေရှင်းနေရကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ  Su Latt Myint Mo Services Agency နှင့် Nay Won Kabar Agency တို့၂၀၂၅ ခုနှစ် ဧပြီလကလည်း ဂျပန်အလုပ်အကိုင် အင်တာဗျူးအောင်မြင်သည်ဟုဆိုကာ ဂျပန်သွားရောက်လိုသော လူငယ် ၁၀၀၀ ကျော်ထံမှ  ငွေကြေးယူဆောင်ပြီး အဆက်အသွယ် ဖြတ်တောက်၍ လိမ်လည်မှု လုပ်ဆောင်ခြင်းများလည်း ရှိခဲ့သည်။

အေဂျင်စီနှင့်နည်းတူ ပွဲစားများ၏ အဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် လူငယ်အများအပြားမှာလည်း ငွေကြိုတင်ပေးချေခဲ့ရပြီးနောက် တာဝန်မဲ့စွာ စွန့်ပစ်ခြင်းခံရသဖြင့် တစ်ဖက်နိုင်ငံ အာဏာပိုင်များထံ ဆက်တိုက်ဖမ်းဆီးခံနေရသည်။

အခွင့်အလမ်းကို ရှာဖွေရင်း လူငယ်များ၏ အိပ်မက်သည် ပွဲစားများ၏ လိမ်လည်မှု၊ အေဂျင်စီ၏ တာဝန်မဲ့မှုတို့ကြောင့် အနာဂတ်ဆိုးများနှင့်သာ ရင်ဆိုင်နေရသည်။

ပြည်ပထွက်လူငယ်များ ဘာ့ကြောင့် သားကောင်ဖြစ်နေရလဲ။

ပြည်တွင်းလခလစာနည်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ပြည်ပထွက်ခွာရန် စိတ်အားထက်သန်ခြင်းနှင့် အခြားသူများအပေါ် ယုံကြည်အားကိုးမှု လွန်ကဲခြင်းတို့ကြောင့်ဖြစ်သည်။

မိသားစုစားဝတ်နေရေးအဆင်ပြေရန် အချိန်တိုအတွင်း ဝင်ငွေကောင်းရရှိလိုသည့် ဆန္ဒကြောင့်လည်း  စိစစ်ဝေဖန်ခြင်းမပြုဘဲ မက်လုံးပေးကတိများ၏နောက်သို့ အလွယ်တကူ လိုက်ပါလေ့ကြသည်။

ထို့အပြင် စစ်ကော်မရှင်မှ ပြည်ပထွက်ခွာခွင့်ဆိုင်ရာ ကန့်သတ်ချက်များနှင့် တရားဝင်လမ်းကြောင်းများ၌ ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် လူငယ်အချို့သည် တရားမဝင်နည်းလမ်းများကို ရွေးချယ်အသုံးပြုလာကြရသည်။

တရားဝင်လမ်းကြောင်းများ ကျဉ်းမြောင်းလာသည်နှင့်အမျှ ပွဲစားများနှင့် ကြားခံအဖွဲ့အစည်းများအပေါ် မှီခိုအားထားရမှု ပိုမိုမြင့်မားလာသည်။ ယင်းအခြေအနေများသည် လူငယ်များ လိမ်လည်ခံရမှုကို ပိုမိုတွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း ပြည်ပထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်အဖွဲ့အစည်းများက သုံးသပ်ကြသည်။

လိမ်လည်မှုမှ ကင်းဝေးရန် လက်တွေ့အသုံးချရမည့်နည်းလမ်းများ

ပြည်ပထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်များအနေဖြင့် မိမိယုံကြည်အားကိုးပြီး ငွေကြေးအပ်နှံမည့် အေဂျင်စီ (သို့မဟုတ်) ပွဲစား၏ တရားဝင်လုပ်ငန်းလိုင်စင် ရှိ၊ မရှိကို ဦးစွာ စစ်ဆေးသင့်ကြောင်း မွန်ပုညကာရီ ဂျပန်ပညာရေးအဖွဲ့က တိုက်တွန်းထားသည်။

ထို့အပြင် ယင်းအဖွဲ့အစည်း၏ နောက်ခံသမိုင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်စိတ်ချရမှုရှိ၊ မရှိကိုလည်း စုံစမ်းလေ့လာရန် လိုအပ်ကြောင်း အကြံပြုထားသည်။

၎င်းအပြင် သွားရောက်လိုသည့် နိုင်ငံရှိ ပညာရေး၊ အလုပ်အကိုင်နှင့် လူမှုကူညီရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်အဆက်အသွယ်ပြုလုပ်ကာ သိလိုသည့်အချက်များကို မေးမြန်းသင့်ကြောင်း၊ အချက်အလက်အရင်းအမြစ် မရှင်းလင်းသည့် အွန်လိုင်းပေါ်မှ ပွဲစားများနှင့် အေဂျင်စီများကို အလွယ်တကူ မယုံကြည်သင့်ကြောင်းလည်း သတိပေးထားသည်။

လူမှုကွန်ရက်ပေါ်ရှိ ဆွဲဆောင်မှုကောင်းသော ကြော်ငြာတိုင်းသည် အခွင့်အလမ်းအစစ်အမှန် ဖြစ်မည်ဟု မဆိုနိုင်သကဲ့သို့၊ အလျင်စလို ဆုံးဖြတ်ချက်တစ်ခုသည် အနာဂတ်တစ်ခုလုံးကို ထိခိုက်စေနိုင်သည်။

ထို့ကြောင့် လူငယ်များက အိပ်မက်ကို အကောင်အထည်ဖော်ရန် အလျင်လိုမိခြင်းထက်၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်ခြင်းက ပို၍ အရေးကြီးပေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts